ကဘူးလ် ဩဂုတ် ၂၄

 

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ တပ်ဖွဲ့များက တာလီဘန်များကို ခုခံသွားမည်ဟု ပြောကြားခဲ့သည့်အတွက် တာလီဘန်များအနေဖြင့် တိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ မေးခွန်းဖြစ်လာသည်။ မြောက်ပိုင်း မဟာမိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အာမက်ရှာမစ်ဆော့ဒ်၏ သားဖြစ်သူက မြောက်ပိုင်းပြည်နယ် ပန်ရှီရာတွင် တာလီဘန်များကို ခုခံဆန့်ကျင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

 

အဆိုပါဒေသမှာ ယခုအချိန်တွင် တာလီဘန်များ၏ ထိန်းချုပ်မှုအောက်တွင် မရှိသေးပေ။ မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် ဘက်ကလန်ပြည်နယ်မှ ဒေသခံ တိုက်ခိုက်ရေးသမားများသည်လည်း တာလီဘန်များ သိမ်းယူထားသည့် ခရိုင်အချို့ကို တိုက်ခိုက်ကာ ပြန်လည်သိမ်းယူခဲ့သည်။

 

ထိုစဉ်တာလီဘန်များသည် အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ ဩဂုတ် ၁၅ ရက်တွင် ဖြုတ်ချခံရသည့်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။ တာလီဘန်များ ထိန်းချုပ်ပြီးသည့်နောက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးလုပ်ငန်းများ ပျောက်ပျက်သွားပြီဖြစ်ကြောင်း ကဘူးလ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

 

ထိပ်သီး ဂျီခုနစ်နိုင်ငံများမှ နိုင်ငံခြားရေး အကြီးအကဲများသည် ဩဂုတ် ၁၉ ရက်တွင် အာဖဂန်နစ္စတန် နိုင်ငံအရေးနှင့် ပတ်သက်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တာလီဘန်များအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် နိုင်ငံခြားသားများနှင့် အာဖဂန်နိုင်ငံသားများ၏ လုံခြုံစိတ်ချရရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။

 

အင်န်အိတ်ချ်ကေ