အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် စစ်သွေးကြွများ အမြောက်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားလေးဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ

၅ ဇူလိုင်

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရတ် ပြည်နယ် Khawja Sabzposh ခရိုင်ရှိ လူနေရပ်ကွက်များနှင့် ဈေးတစ်ခုကို စစ်သွေးကြွများ က ယနေ့ အမြောက်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abdul Karim Yurash က ပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများက Khawja Sabzposh ခရိုင်ရှိ  Ganj ဈေးနှင့် လူနေရပ်ကွက်များကို  ယနေ့မနက်အစောပိုင်းက အမြောက်များဖြင့် ပြင်းထန်စွာပစ်ခတ်ခဲ့ကြရာ အရပ်သားလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Abdul Karim Yurash က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများနှင့် ထိုဒေသတွင် တပ်ဖြန့်ထားသော လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ယင်းသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

 

ထိုတိုက်ပွဲများ မကြာခဏဖြစ်ပွားသည့်ခရိုင်တွင် တည်ငြိမ်အေးချမ်းမှုရှိစေရန် အတွက် စစ်သွေးကြွများကို ဖယ်ရှားရန်ကြိုးစားသည့် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု တာဝန်ရှိသူများက ထပ်လောင်းပြောဆိုသည်။

 

Khawja Sabzposh ခရိုင်နှင့် ကပ်လျက်ဒေသများရှိ တာလီဘန်စစ်သွေးကြွများက ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို