ဖေဖော်ဝါရီ ၄

အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် လူ ၈၇ ဦး ထက်မနည်းသေဆုံးပြီး ၃၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း ပေါက်ကွဲမှု ၁၉၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Hafiz Mohammad Yusuf Hammad က ပြောကြားခဲ့သည်။  အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ၏ ၆၇ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုကာလအတွင်း မြေဧရိယာ ၅၈ စတုရန်းကီလိုမီတာမှ အန္တရာယ်များကို ဖယ်ရှားပေးသည့် ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့သော်လည်း အာဖဂန်နစ္စတန် နယ်မြေ ၁၀၆၀၀၀ စတုရန်းကီလိုမီတာကျော်အကွာတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ဗုံးများဖြင့် ညစ်ညမ်းမှုဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အရာရှိက မှတ်ချက်ပြုခဲ့သည်။ ယင်းအစီရင်ခံစာသည် အာဖဂန်နစ္စတန်သည် စစ်မြေပြင်မှ ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ထိခိုက်ခံရသည့် နိုင်ငံများအနက် တစ်ခုအဖြစ် မီးမောင်းထိုးပြနေသည်။ မကြာသေးမီက မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွင် ကုလသမဂ္ဂက အာဖဂန်နိုင်ငံကို ကမ္ဘာ့နိုင်ငံများတွင် တတိယနေရာ ရပ်တည်နေသော နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို