ကဘူးလ် ဒီဇင်ဘာ ၁၉
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်ရှိ ဥမင်လိုဏ်ခေါင်း အတွင်း ရေနံတင်ကား မီးလောင်မှု ဖြစ်ပွားရာ ၁၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
ကဘူးလ်မြို့ မြောက်ဘက်ရှိ ပါဝန်ပြည်နယ်တွင် ရေနံတင်ကား မီးလောင်မှုမှာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် တောင် ထူထပ်သောဒေသတွင် လမ်း နှစ်ဖက်မှ ခရီးသွားများ အခက် တွေ့ကာ သောင်တင်နေခဲ့ရသည်။ ဒဏ်ရာရရှိသူ ၃၂ ဦးထက်မနည်း ရှိသည်ဟု ပြည်သူ့ရေးရာဝန်ကြီး ဌာနမှ ဟာမစ်ဒူလာ မစ်ဘတ်က ပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူ စာရင်းမှာ တိုးလာနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ မီးလောင်သေဆုံး သွားသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကြောင်း ပါဝန်ပြည်နယ်မှ ကျန်းမာရေးအရာရှိ ကြီး တစ်ဦးဖြစ်သူ အဗ္ဗဒူလာ အာဖဂန်မောလ်က ပြောသည်။
မီးလောင်သေဆုံးသူများမှာ ဆိုးဆိုးရွားရွား မီးလောင်ခံထားရ၍ အမျိုးသား အမျိုးသမီး ခွဲခြားရန် ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။ အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များကို ရဟတ်ယာဉ်များဖြင့် ချထားပေးပြီး ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသည်။ ဆလန်လမ်းမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်ပေါ် အဝေးပြေးလမ်းများထဲမှ တစ်ခုဖြစ်သည်။
အေအက်ဖ်ပီ