၁၁ ဖေဖော်ဝါရီ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် ၏ အနောက်ဘက်ခြမ်းရှိ စစ်တက္ကသိုလ် အပြင်ဘက်တွင် ယနေ့ မနက်ပိုင်းက အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုဗုံးဖောက်ခွဲသူ အပါအဝင် လူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။
အသေခံဗုံးဖောက်ခွဲသူ တစ်ဦးသည် အမှတ်(၅) ရဲဌာန၊ ချာရာဟီကာဘာဒေသတွင် ဒေသစံတော်ချိန် မနက် ၇ နာရီခန့်က ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သဖြင့် စစ်သားသုံးဦးနှင့် အရပ်သား နှစ်ဦး သေဆုံးပြီး အရပ်သား ငါးဦး အပါအဝင် လူ ၁၂ ဦး ဒဏ်ရာရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရတ် ရာဟီမီ က တွစ်တာတွင် ရေးသားထားသည်။
ထိခိုက်သေဆုံးသူများ အရေအတွက် အပြောင်းအလဲရှိနိုင်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းက စစ်တက္ကသိုလ် ဗိုလ်လောင်းများနှင့် တက္ကသိုလ်ဝန်ထမ်းများ ရောက်ရှိနေပြီး တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ် မာရှယ် ဖာဟင်မ် အမျိုးသားကာကွယ်ရေးတက္ကသိုလ် အပြင်ဘက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုပေါက်ကွဲမှုသည် အသေခံကားဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားသည်။
ထိုပေါက်ကွဲမှုကြောင့် ယာဉ်အသွားအလာများရာ လမ်းတစ်လျှောက်ရှိ ယာဉ်များစွာလည်း ပျက်စီးခဲ့သည် ဟု ၎င်းတို့က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ တာဝန်ယူပြောဆိုခြင်း မရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို