ကဘူးလ်၊ ဖေဖော်ဝါရီ ၂၀
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နူရီစတန်ပြည်နယ် နော်ဂါရမ်ခရိုင်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဟာလီဘူလ်လာဆာဘီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မြေပြိုမှုအန္တရာယ်ဖြစ်ပွားခဲ့
နော်ဂါရမ်ခရိုင် တာတင်ဒါရာဒေသတွင် ဖေဖော်ဝါရီ ၁၈ ရက် ညနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး နှင်းများထူထပ်စွာကျဆင်းမှုကြောင့် မြေပြိုမှုအန္တရာယ်ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး သေဆုံးသူများထဲတွင် အမျိုးသမီး နှင့် ကလေးများလည်းပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ထို့ပြင် မြေပြိုမှုကြောင့် အိမ်ခြေ ၂၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မြေပြိုမှုကြောင့် အသေအပျောက်အရေအတွက် နှင့်စပ်လျဉ်း၍ အတိအကျမသိရသေးကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မူလာဂျာနန်ဆိက ပြောကြားခဲ့သည်။ မြို့တော်ကဘူးလ်အပါအဝင် အာဖဂန်နစ္စတန် နိုင်ငံ၏ ဒေသတချို့၌ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ပိုင်းမှစတင်ကာ မိုးရွာသွန်းမှုနှင့် ဆီးနှင်းများကျဆင်း ခဲ့ကြောင်းလည်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်