ဒိုဟာ၊ ဖေဖော်ဝါရီ ၂၀

အာဖဂန်နစ္စတန်နိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆွေးနွေးရန်အတွက် ကုလသမဂ္ဂညီလာခံကို ကာတာနိုင်ငံတွင် ဆွေးနွေးလျက်ရှိသည်။ အစည်းအဝေး၏ အဓိက အကြောင်းအချက်မှာ အာဖဂန် နစ္စတန်နိုင်ငံဆိုင်ရာ  အထူးသံတမန် ခန့်အပ်ရေးဖြစ်ကြောင်း သိရသည်။

တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက အင်န်အိတ်ချ်ကေသို့ ပြောကြားရာတွင် ထိုကဲ့သို့သော ဖျန်ဖြေပေးရေးအဖွဲ့ကို လက်ခံမည်မဟုတ်ကြောင်းပြောသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်သည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တနင်္ဂနွေနေ့မှ စတင်သော နှစ်ရက်ကြာအစည်းအဝေးကို လက်ခံကျင်းပခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တာလီဘန် ကြားဖြတ်အစိုးရကို ပထမဆုံးအကြိမ်ဖိတ်ကြားခဲ့သည်။ သို့သော်လည်း တာလီဘန်တို့က အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။

ကုလသမဂ္ဂ သံတမန်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းဖွယ် ရှိသည်ဟုယူဆကြောင်း တာလီဘန်တာဝန်ရှိသူ တစ်ဦးကပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီးများ၏ အကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနေကြောင်းနှင့် ၎င်းတို့၏ဘဝများကို တိုးတက်ကောင်းမွန်အောင် မြှင့်တင်ပေးရန် တာလီဘန်တို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုထားသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်တွင် အာဏာပြန်လည်ရယူပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ ကိုတင်းကျပ်သော အစ္စလာမ္မစ် ဥပဒေများဖြင့်အုပ်ချုပ်လျက်ရှိသည်။ ၎င်းတို့သည်လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်းမွန်စေရေးနှင့် ပတ်သက်ပြီး ပြည်ပနိုင်ငံများ၏ တောင်းဆိုမှုကို ပယ်ချထားသည်။

အင်န်အိတ်ချ်ကေ