ဒီဇင်ဘာ ၈

အာဖဂန်နစ္စတန်မြောက်ပိုင်း ဘာခ်ရှ် ပြည်နယ်တွင် ပလတ်စတစ်အိတ်ထုတ်လုပ်သည့်စက်ရုံတစ်ရုံကို ဒီဇင်ဘာ ၆ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း ၎င်း၏မန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ခြောက်သန်း အကုန်အကျခံတည်ဆောက်ထားသော စက်ရုံသည် လူဦးရေ ၂၀၀ အတွက် အလုပ်အကိုင်များ ဖန်တီးပေးခဲ့ပြီး စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု တိုးချဲ့လာသည်နှင့်အမျှ အလုပ်သမားများ ပိုမိုခန့်အပ်သွားမည်ဟု ၎င်းကဆိုသည်။

အဆိုပါစက်ရုံတွင် ကနဦးထုတ်လုပ်မှု တန်၂၀ ရှိပြီး အပ်ချည်များကိုလည်း ထုတ်လုပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုစက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချရန်နှင့် အလုပ်အကိုင်များဖန်တီးပေးရန်အတွက်  အာဖဂန်နစ္စတန်တွင် ရင်းနှီးမြှုပ်နှံသည့်ပုဂ္ဂလိကကဏ္ဍနှင့် ကုမ္ပဏီများကို အစိုးရက ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို