ကဘူးလ်  ဖေဖော်ဝါရီ  ၈

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ  နေအိမ်အတွင်း ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုဖြစ်ပွားသဖြင့် ရှစ်ဦးထက်မနည်း သေဆုံးကြောင်း မြို့တော်အုပ်ချုပ်ရေးမှူးရုံးက ဖေဖော်ဝါရီ  ၇  ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါ မတော်တဆမှုမှာ မိသားစုတစ်စုက  အေးသည့်ဆောင်းရာသီအတွင်း   ၎င်းတို့၏ နေအိမ်၌ နွေးထွေးရန်  ဓာတ်ငွေ့အပူပေးကိရိယာကို  အသုံးပြုရာတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဆလင်ဒါမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ရာ သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ  အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း  ခို့စ်ပြည်နယ်၌ ဖေဖော်ဝါရီ ၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ  အမျိုးသမီးသုံးဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ခေတ်မီအပူပေးစနစ်များမရှိခြင်းကြောင့် အိမ်ထောင်စုအများစုမှာ   ရာသီဥတုပြင်းထန်သည့် ဆောင်းရာသီအတွင်း ၎င်းတို့၏ နေအိမ်များကို အပူပေးရန် ဓာတ်ငွေ့ဆလင်ဒါများနှင့်  ရိုးရာမီးဖိုများကို   အသုံးပြုလျက်ရှိကြောင်း  သိရသည်။

ထို့ကြောင့်  အာဖဂန်နစ္စတန်နိုင်ငံ၌  ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဆင်ဟွာ