အောက်တိုဘာ ၁

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နာဂါဟာပြည်နယ်ရှိ မြစ်အတွင်း လူ ၁၄ ဦး တင်ဆောင်လာသောလှေ တိမ်းမှောက်မှုဖြစ်ပွားသဖြင့် လေးဦးထက်မနည်းသေဆုံးပြီး အခြားခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် နာဂါဟာပြည်နယ် ကာ့ဇ်ကူနာခရိုင်ရှိ မြစ်အတွင်း ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးဌာန အကြီးအကဲက ပြောသည်။

ထိုလှေတိမ်းမှောက်မှုမှ လေးဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး အခြားခြောက်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ လှေစီးခရီးသည်များတွင် အမျိုးသမီးများနှင့် ကလေးများပါဝင်သည်ဟု သိရသည်။

ဇွန်လက ယင်းပြည်နယ်ရှိမြစ်အတွင်း ၂၆ ဦး တင်ဆောင်လာသောလှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရှစ်ဦးသေဆုံးပြီး အခြားငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို