ဇူလိုင် ၂၇

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု တို့ဖြစ်ပွားသဖြင့်  အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၄၆ ဦးထက်မနည်းသေဆုံးကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

 

သဘာဝဘေးဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၂၃ ရက်အစောပိုင်းက ဝါဒက်ခ်ပြည်နယ်တွင် ၃၂ ဦးသေဆုံးခဲ့ပြီး ဂျာလ်ရတ်ခရိုင်တွင် ၂၃ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ပြည်နယ်ညွှန်ကြားရေးမှူး မော်လဝီ ဖာဇူလာဂျာလာလီက ပြောကြားသည်။

 

အဆိုပါရေကြီးရေလျှံမှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် ရာနှင့်ချီရှိသောသစ်သီးခြံများနှင့် နေအိမ် အလုံး ၅၀၀ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးသွားခဲ့သည်ဟု ထိုတာဝန်ရှိသူက ထပ်လောင်းပြောသည်။

 

၎င်းကရေဘေးသင့်ဒေသများအားစစ်ဆေးကြည့်ရှုခဲ့ပြီး ရေဘေးသင့်မိသားစုများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန် ပြည်တွင်းနှင့်ပြည်ပအကူအညီပေးရေးအေဂျင်စီများနှင့်ဆက်သွယ်ပြီး အကူအညီများရရှိရန် ကြိုးစားနေကြောင်း သတင်းထောက်များကို ပြောကြားသည်။

 

ဂျာရတ်ခရိုင် တာကာနာကျေးရွာတွင် ဆိုးရွားစွာရေဘေးသင့်မှုဖြစ်ပွားခဲ့သဖြင့် မိသားစုတစ်စုမှ အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ရေဘေးသင့်ပြည်နယ်များတွင် ၇၄ ဦးဒဏ်ရာရရှိပြီး ၄၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ မိုးလေဝသအာဏာပိုင်များက လာမည့်ရက်များအတွင်း နိုင်ငံအတွင်းရှိ နေရာအများအပြားတွင် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ ထပ်မံဖြစ်ပွားနိုင်သည်ဟု ကြိုတင်ခန့်မှန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို