ဖေဖော်ဝါရီ ၁၅

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒတ်ရှန်ပြည်နယ်ရှိကျေးရွာတစ်ရွာတွင် ယမန်နေ့က နှင်းထုပြိုကျမှုကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။

အဆိုပါမတော်တဆမှုသည် ခန်လာဒေသတွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးဖြစ်သူ မိုဟာမက်အာခမ်က ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်က ထိုခရိုင်မှာပင် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ လူလေးဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အချို့သောဒေသများတွင် ဇန်နဝါရီလ ပထမပတ်မှစတင်ကာ အအေးပိုပြီး ဆီးနှင်းများကျကာ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်စ်အထိကျဆင်းခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်လအတွင်း စစ်ဘေးဒဏ်ခံခဲ့ရပြီး အအေးလွန်ကဲမှုနှင့် နှင်းထူထပ်စွာကျဆင်းမှုတို့ကြောင့် ကလေးများအပါအဝင် လူ ၂၀၀ နီးပါးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို