အာဖဂန်နစ္စတန်နိုင်ငံ၌ ရာသီဉတုအေးခဲမှုကြောင့် လူပေါင်း ၆၀ သေဆုံး

မတ် ၁၄

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောသီတင်းပတ်သုံးပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရာသီဉတုအေးခဲမှုနှင့် ဆီးနှင်းများအလွန်အမင်းကျဆင်းမှုကြောင့် လူပေါင်း ၆၀ သေဆုံးပြီး အခြား ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Mullah Janan Saeqက ပြောကြားသည်။ အအေးပြင်းထန်မှုကြောင့် ထိုကာလအတွင်း ကျွဲနွားတိရစ္ဆာန်အကောင်ရေ ၁၇၇၀၀၀ ကျော် သေဆုံးပြီး နေအိမ်အလုံးပေါင်း ၁၆၀၀ ကျော် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာအာဏာပိုင်အဖွဲ့က နိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း ၂၂၄၀၀ ကျော်ထံသို့ စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏အချို့ဒေသများတွင် ရာသီဉတုအအေးပိုပြီး ဆီးနှင်းများကျဆင်းခဲ့ရာ အပူချိန် အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ်သို့ ကျဆင်းခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို