ဩဂုတ် ၂၂

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ဘက် ပါ့ခ်တီရာပြည်နယ်တွင် ယမန်နေ့နှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဘာခ်တာသတင်းအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

 

ပါ့ခ်တီရာပြည်နယ်ရှိအချို့သောခရိုင်များနှင့် ပြည်နယ်မြို့တော် ဂါဒက်ဇ်ရှိ အချို့သောဒေသများတွင် ယမန်နေ့နှောင်းပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ် ၃၅၈ လုံးဝပျက်စီးသွားပြီး အခြားနေအိမ် ၆၇၆ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး ကုန်းမြေဧက ၂၀ ထက်မနည်း ရေစီးနှင့်မျောပါသွားသည်ဟု ထိုသတင်းအေဂျင်စီက ဆိုသည်။

 

ထို့ပြင် ထိုပြည်နယ်ရှိ ကျွဲနွားကောင်ရေ ၁၄၃၀ ကျော် သေဆုံးခဲ့ပြီး ကီလိုမီတာ ရာနှင့်ချီသော တံတားနှင့် ဆည်များ ပျက်စီးခဲ့ကြောင်း ထိုအေဂျင်စီက ပြောကြားသည်။

 

ဩဂုတ်လ ၂၀ ရက်က ပါ့ခ်တီရာနှင့်အိမ်နီးချင်း လိုဂါပြည်နယ်ရှိ ကူရှီခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသောကြောင့်  ၁၅ ဦးသေဆုံးခဲ့ပြီး အခြား ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမ်အာဒူလာအာနတ်က အတည်ပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို