ဖေဖော်ဝါရီ ၂၆

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဖာရတ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ၂၁ ဦးထက်မနည်းသေဆုံးပြီး အခြားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ဖော်ပြထားသည်။

အဆိုပါပြည်နယ် အနီးဝန်းကျင်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပွားခဲ့ရာ အမျိုးသမီးနှင့် ကလေးများအပါအဝင် ၂၁ ဦး သေဆုံးပြီး အခြားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပြည်နယ်ညွှန်ကြားရေးမှူး မိုဟာမက်အစ္စရေဆာရာက ဆိုသည်။

နိုင်ငံ၏ဒေသအများစုတွင် ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ကာ မိုးနှင့်ဆီးနှင်းများ ကျဆင်းလျက်ရှိကြောင်း ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံမိုးလေဝသဌာနက နိုင်ငံအတွင်းရှိပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၃၂ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဆီးနှင်းများကျဆင်းမည်ဟု ကြိုတင်ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို