ကဘူးလ် မေ ၁၉

အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၅၀  သေဆုံးပြီး ထောင်နှင့်ချီသောနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မေ ၁၇ ရက်တွင် စတင်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအလယ်ပိုင်း ဂိုဟာပြည်နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းဖော်ပြသည်။ ရွှံ့ရေများ နစ်မြုပ်လျက်ရှိသည့် လမ်းမများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်နိုင်သည်။

ဂိုဟာပြည်နယ်နှင့် အခြားပြည်နယ် ၁၅ ခုတွင် လာမည့်ရက်အနည်းငယ်အတွင်း   မိုးရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံမီဒီယာကဆိုသည်။ နောက်ထပ်ပျက်စီးမှုများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများက စိုးရိမ်လျက်ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဘာဂျ်လန်ပြည်နယ်နှင့် မြောက်ပိုင်းရှိ အခြားပြည်နယ်များတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါရေကြီးမှုအတွင်း ပြည်သူ ၁၈၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အတည်ပြုပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်