အာဖဂန်နစ္စတန်နိုင်ငံတွင် ကားဗုံးကွဲမှုဖြစ်ပွား၊ ၁၆ ဦးသေ၊ ၁၂၀ နီးပါး ဒဏ်ရာရ

ကဘူး ၄ စက်တင်ဘာ 

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တွင်ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၁၆ ဦး အနည်းဆုံးသေဆုံးပြီး ၁၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

စက်တင်ဘာ ၂ ရက်တွင် နိုင်ငံခြားသားဒေသခံ အများအပြားနေထိုင်သည့် ခရိုင်တစ်ခု၌ လောင်စာဆီတင်ဆောင်လာသော ကားတစ်စီးသည် ဂက်စ်ဆိုင်တစ်ခုအနီးတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ကားဗုံး ပေါက်ကွဲမှုကြောင့် အဆိုပါဂက်စ်ဆိုင်သာမက အနီးဝန်းကျင်ရှိ လူနေအိမ်များပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ ကားဗုံးခွဲတိုက်ခိုက်မှုကိုတာလီဘန်အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းတို့က အခိုင်အမာဆိုခဲ့သည်။ နိုင်ငံခြားသားများကို အဓိက ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု၄င်းတို့က ဆက်လက်ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့သည် အာဖဂနငြိမ်းချမ်းရေးရရှိရန် အမေရိကန်အစိုးရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်တပ်ဖွဲ့များကို အာဖဂန်နိုင်ငံမှ အမြန်ဆုံးပြန်လည်ဆုတ်ခွာ ရန်ဆန္ဒရှိသည်။

ယခု ကားဗုံးခွဲတိုက်ခိုက်မှုမဖြစ်ပွားမီတွင် အမေရိကန်နှင့် တာလီဘန်များအကြား အာဖဂန်ငြိမ်းချမ်းရေး ကြေညာစာတမ်း မူကြမ်းနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် သဘောတူညီခဲ့ပြီးဖြစ်သည်ဟု အမေရိကန်ငြိမ်းချမ်း ရေးကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အာဖဂန်ငြိမ်းချမ်းရေး ရရှိရန်အလွန်နီးကပ်လျက်ရှိစဉ် ယခုကဲ့သို့ကားဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရခြင်းမှာ တာလီဘန်များအနေဖြင့်အကြမ်းဖက်လုပ်ရပ်များကို လုပ်နိုင်သည့် စွမ်းပကားများရှိကြောင်းနှင့်လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးမှုအခြေအနေကို ပိုမိုပီပြင်လာစေရန်တွန်းအားပေးသည့် အနေဖြင့်ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟုနိုင်ငံရေး စောင့်ကြည့်လေ့လာသူများ က ဆိုသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ 
ဘာသာပြန်-အောင်ကျော်ကျော်