ကုလသမဂ္ဂ ၂၅ ဖေဖော်ဝါရီ
သက်တမ်းနှစ် ၂၀ နီးပါး ကြာမြင့်လာပြီဖြစ်သည့် အာဖဂန်နစ္စတန်ပြည်တွင်းစစ်တွင် ၂၀၁၈ ခုနှစ်သည် အရပ်သားများ သေဆုံးမှုအများဆုံးစံချိန်တင်သည့် နှစ်ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သည့်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြသည်။
အာဖဂန်နစ္စတန် ပြည်တွင်းစစ်၌ ၂၀၁၈ ခုနှစ်အတွင်း အရပ်သား ၃၈၀၄ ဦး သေဆုံးပြီး အခြား ၇၁၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယင်းပမာဏမှာ ၂၀၁၇ ခုနှစ်အတွင်းက အရပ်သားများ သေဆုံးမှုထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ယင်းမှာ အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်းလုံးတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုများနှင့်ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ခိုက်မှုများ အဆုံးသတ်ရေး ရည်မှန်းချက်များဖြင့် အမေရိကန်နှင့်တာလီဘန် စစ်သွေးကြွအုပ်စုမှ ကိုယ်စားလှယ်များ၏ ဒုတိယအကျော့တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်မီ တစ်ရက်အလိုတွင် အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ နှစ်များစွာ မြင့်တက်ခဲ့ပြီးနောက် အမေရိကန်နှင့်တာလီဘန် စစ်သွေးကြွအုပ်စုမှ ကိုယ်စားလှယ်များ ကာတာနိုင်ငံဒိုဟာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အာဖဂန်နစ္စတန်ပြည်တွင်းစစ်တွင် အရပ်သား ၃၂၀ဝ၀ သေဆုံးခဲ့ပြီး ၆၀ဝ၀ဝ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ က ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အေအက်ဖ်ပီ