တိုကျို ဒီဇင်ဘာ ၂၂
အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၁၀၀ တန် အကူအညီများ ဂျပန်နိုင်ငံကပေးအပ်သွားမည်ဟု ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့သည်။ တာလီဘန် များက အာဖဂန်နစ္စတန်နိုင်ငံကိုထိန်းချုပ်ပြီး လေးလကျော်အကြာတွင် နိုင်ငံ၏စီးပွားရေးမှာ ယိမ်းယိုင်ခဲ့ရသည်။
နိုင်ငံလူဦးရေ၏ ၆ ရာခိုင်နှုန်းမှာ အစားအစာ မလုံလောက်သည့်ဘေးနှင့် ကြုံတွေ့နေရသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးခေါင်ရေရှားမှု၊ ဆင်းရဲ မွဲတေမှုတို့နှင့် ကြုံတွေ့နေရပြီး ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ခံစားနေရသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ထောက်ပံ့ရေးဘတ်ဂျက် အစိတ်အပိုင်းအဖြစ် ယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်သည်။
ယခုပေးအပ်သည့် ကူညီထောက်ပံ့မှုများကို အစားအစာနှင့်သောက်သုံးရေထောက်ပံ့ပေးမှုတို့တွင် အသုံးပြုသွားမည် ဖြစ်သည်။ ထို့ပြင် ဆေးဘက်သုံးပစ္စည်းများ ထောက်ပံ့ပေးရာတွင်လည်း အသုံးပြုသွားမည်ဖြစ်သည်။ ။
တာလီဘန်များ အာဖဂန်နစ္စတန်ကိုထိန်းချုပ်ပြီး နောက်ပိုင်း ဂျပန်နိုင်ငံက ဒုတိယအကြိမ်မြောက် ကူညီထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်သည်။ အာဖဂန်ပြည်သူများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဟုလည်း အစိုးရအာဏာပိုင်များက ပြောသည်။ ထို့ပြင် နိုင်ငံအတွင်း တည်ငြိမ်ရေးနှင့် ပတ်ဝန်းကျင်ဒေသများ တည်ငြိမ်မှုရှိစေရေးတို့တွင်လည်း ကူညီထောက်ပံ့ ပေးသွားမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ