၁ မတ်

 

အာဖဂန်နစ္စတန် တောင်ပိုင်း ဟယ်လ်မန်ပြည်နယ်ရှိ အရေးပါသောစစ်အခြေစိုက်စခန်း တစ်ခုကို ယနေ့မနက်စောပိုင်းက တာလီဘန်စစ်သွေးကြွများ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန် စစ်သားများနှင့် စစ်သွေးကြွများ အများအပြား  သေဆုံး ၊ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရ သေဆုံးသူများရှိသော်လည်း အသေးစိတ်အချက်အလက်များကို မပေးနိုင်သေးကြောင်း စစ်တပ်မှ အမည်မဖော်လိုသူက သတင်းထောက်ကို ပြောကြားခဲ့သည်။

 

တိုက်ပွဲများ ကြိုးကြားကြိုးကြားဆက်လက် ဖြစ်ပွားနေပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ရာ အသေးစိတ် အချက်အလက်များကို နောက်ပိုင်းတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ထိုသူက ထပ်လောင်းပြောကြားခဲ့သည်။

 

ထိုတိုက်ခိုက်မှုတွင် တာလီဘန် စစ်သွေးကြွ ၂၁ ဦးထက်မနည်းပါရှိကြောင်း ဒေသခံမီဒီယာ တိုလိုနယူးတီဗွီ က သတင်းထုတ်ပြန်ခဲ့ပါသည်။

 

ယင်းတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသမား သုံးဦးသည် ၎င်းတို့ကိုယ်၌တပ်ဆင်ထားသော ဗုံးများကို ဖောက်ခွဲခဲ့ကြောင်း၊ အာဖဂန် စစ်တပ် က တာလီဘန် စစ်သွေးကြွ ခြောက်ဦးကို ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် ဒေသစံတော်ချိန်  မနက် ၃ နာရီ တွင် ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲတွင် စစ်သားသုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို