၂၁ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံတွင် လက်လုပ်ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့တွင် အဝေးပြေးလမ်းမ ရဲချုပ် တစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့သည်ဟု ဒေသန္တရရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

 

ပါဝန်ပြည်နယ်အရှေ့ပိုင်း ချာရီကာမြို့ရှိ အမှတ်(၂) ရဲစခန်းတွင် ယနေ့မနက် ၁နာရီ ၃၀ မိနစ်ခန့်က ရဲအရာရှိများလိုက်ပါလာသော မော်တော်ယာဉ်တစ်စီး လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ထိမှန်ကာ အဝေးပြေးလမ်းမ ရဲချုပ် ဝါလီ မိုဟာမက် အပါအဝင် ရဲအရာရှိ ငါးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အနောက်ပိုင်းဘာဂျစ်ပြည်နယ် မူကာခရိုင်တွင် မနက် ၇နာရီ ၃၀ မိနစ်ခန့်က တာလီဘန်တို့ ၏လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ကုန်တင်ကားတစ်စီး ထိမှန်ပျက်စီးခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရှာအာကာအလိုကို က သတင်းထောက်များကို ပြောကြားသည်။

 

အဆိုပါ ဗုံးများပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်များ ပျက်စီးသွားခဲ့သည်။
ထိုလမ်းဘေးဗုံးများထောင်ထားခြင်းသည် တာလီဘန်စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများက စွပ်စွဲပြောဆိုသည်။

 

အာဖဂန်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်ရန် လမ်းဘေးဗုံးများနှင့် မြေမြှုပ်ဗုံးများ ပြုလုပ်ရန် လက်လုပ်ဗုံးများ အသုံးပြုခဲ့ကြသော်လည်း ထိုလက်နက်များသည် အရပ်သားများကို ထိခိုက်သေဆုံးဒဏ်ရာရစေခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို