၂ ဇွန်

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကူဒက်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အလုပ်သမားခုနစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသန္တရအရာရှိ Hayatullah Amiriက ယနေ့တွင် ပြောကြားသည်။

 

ယမန်နေ့ညနှောင်းပိုင်းက ခန်အဘက် ခရိုင်ရှိ တာလီဘန်ထိန်းချုပ်ထားရာ ဒေသတစ်ခုတွင် အလုပ်သမား ၁၃ ဦးလိုက်ပါလာသော မော်တော်ယာဉ်မှာ အခြားနေရာတစ်ခုသို့ သွားနေစဉ်  မိုင်းဗုံးပေါက်ကွဲခဲ့သဖြင့် ခုနစ်ဦးသေဆုံးပြီး အခြားသောခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခန်အဘက်ခရိုင် အုပ်ချုပ်ရေးမှူး Hayatullah Amiri က သတင်းထောက်များကို ပြောကြားသည်။

 

တာလီဘန်တို့သည် ကျေးရွာများရှိ လမ်းမများနှင့် လမ်းကြောင်းများပေါ်တွင် မိုင်းဗုံးများထောင်ထားသဖြင့် အပြစ်မဲ့အရပ်သားများ မကြာခဏ သေဆုံးခဲ့ကြရသည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။

 

ခန်အဘက်ခရိုင် အပါအဝင် ကူဒက်ပြည်နယ်တွင် စစ်ဆင်ရေးလုပ်ဆောင်နေသော တာလီဘန်စစ်သွေးကြွများကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို