၁၈ စက်တင်ဘာ


အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ပြင်ဆင်ဆဲကာလတွင် အကြမ်းဖက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့သည်။


သမ္မတ အာရှတ်ဖ် ဂါနီ ၏ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်သည့်နေရာ အနီးတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် သမ္မတ ဂါနိ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သတင်းများအရ သိရသည်။


ထိုဗုံးပေါက်ကွဲမှုကြောင့် ပါဝမ်ပြည်နယ်ရှိ ယင်းမဲဆွယ်စည်းရုံးရေး လုပ်ဆောင်သည့်နေရာ၌ လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


၎င်းထိခိုက်ဒဏ်ရာရသူများတွင် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြသည်။ တာလီဘန်စစ်သွေးကြွများက ယင်း တိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 


ဂါနီ သည် ထိုမဲဆွယ်စည်းရုံးရေးပွဲတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။


ဂါနီသည် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒုတိယမြောက်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် သီးခြားဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။


ထိုတာလီဘန်တို့က ယင်းတိုက်ခိုက်မှုသည်လည်း ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ စစ်သွေးကြွအုပ်စုက မဲရုံနှင့်လူထုစည်းဝေးပွဲများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု သတိပေးပြောဆိုခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို