၂၇ ဩဂုတ်
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးမြို့ မြောက်ဘက်ရှိ ပန်ဝါပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့ လူ ၁၀၀ နီးပါး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က တစ်ညလုံး သည်းထန်စွာရွာတဲ့ မိုးကြောင့် ပန်ဝါပြည်နယ်မြို့တော် ချာရီကာမြို့က အိမ်ခြေ အမြောက်အမြား ရေထဲမျောပါပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ အများအပြား ပါဝင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် မိုဟာမက် ကွာဆန်က သူ့မိသားစုဝင် ၁၁ ယောက် သေဆုံးကြောင်း၊ တစ်ဦး ဒဏ်ရာရပြီး နှစ်ဦး ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေနေကြောင်း ပြောပါတယ်။
နောက်ထပ် အမျိုးသား တစ်ဦးကတော့ ရေကြီးရေလျှံ လာတဲ့အတွက် သူ့နေအိမ်ကနေ ထွက်ပြေးပြီး အိမ်နီးချင်းအိမ်မှာ သွားခဲ့ကြောင်း၊ အခုတော့ အားလုံး ဆုံးရှုံးသွားပြီလို့ ပြောပါတယ်။
အသက် ၇၀ အရွယ် အမျိုးသမီးကြီးကတော့ အိမ်ရဲ့ ပြတင်းပေါက်ဘောင်ကို နှစ်နာရီလောက် ကိုင်ဆွဲထားခဲ့ရပြီး သားမက်နဲ့ တူက လာကယ်ခဲ့ကြောင်း၊ သူပိုင် ရတနာပစ္စည်း၊ ငွေကြေးနဲ့ ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးကြောင်း သူတို့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
အခုလ အစောပိုင်းမှာလည်း နိုင်ငံရဲ့အရှေ့ပိုင်းရှိ နန်ဂါဟာ ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကလေးငယ် ၁၅ ဦး အပါအဝင် ၁၆ ဦး သေဆုံးပြီး ဆယ်ချီတဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။
အာဖဂန်နိုင်ငံရဲ့ တခြားပြည်နယ် ၅ ခုမှာလည်း အခုလအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားရာ ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန် ပြောကြားပါတယ်။
MDN
ကိုးကား - AFP