ခြူးစန္ဒီနွေး
၁၇ နှစ်ကြာ အာဖဂန်နစ္စတန်ပြည်တွင်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် အဘက်ဘက်က ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ အချိန် တာလီဘန်တွေဘက်က အာဖဂန် အတိုက်အခံခေါင်းဆောင်တွေနဲ့ မော်စကိုမှာ တွေ့ဆုံမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခုလို တွေ့ဆုံကြမယ့်အထဲမှာ လက်ရှိအာဖဂန်အစိုးရရဲ့ သမ္မတဖြစ်သူ အက်ရှရက်ဖ် ဂါနီကိုတော့ တာလီဘန်တွေဘက်က ဖိတ်ခေါ်ခဲ့ခြင်း မရှိပါဘူး။ သိသိသာသာပဲ သူ့ကိုချန်ရစ်ထားခဲ့ပါတယ်။
ငြင်းဆိုနေဆဲ
အမေရိကန်ဘက်က သံတမန်တွေနဲ့ တာလီဘန်တွေ တွေ့ဆုံပြီး အာဖဂန်ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေတာ အခြေအနေအလား အလာကောင်းတွေ ရှိနေပေမယ့် အာဖဂန်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ကိုတော့ တာလီဘန်တွေဘက်က အခုထက်ထိ ငြင်းဆိုနေတုန်းပါပဲ။ အာဖဂန် သမ္မတ မစ္စတာဂါနီကလည်း တကယ်လို့များ တာလီဘန် သူပုန်တွေဘက်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ သဘောတူညီချက်မရသေးဘဲ အမေရိကန်အနေနဲ့ အလျင်စလိုပဲ သဘောတူစာချုပ် ပြုလုပ်မယ်ဆိုရင် အာဖဂန်တိုင်းပြည် တည်ဆောက်ရာမှာ အောက်ခြေကလှိုက်စားပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပါတယ်။
ဒေါသထွက်အောင်ဆွပေး
တာလီဘန်တွေဘက်ကလည်း သမ္မတ ဂါနီရဲ့ အတိုက်အခံတွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံလိုက်ခြင်းအားဖြင့် သမ္မတကို ပိုပြီး ဒေါသထွက်လာအောင် ဆွပေးလိုက်နိုင်ပါတယ်။ "အခု လိုအခြေအနေမျိုးမှာ ဒီလိုတွေ့ဆုံ ဆွေးနွေးမှုမျိုး မပြုလုပ်သင့်ဘူးလို့ ကျွန်တော်တို့မြင်ပါတယ်။ အခုလို ဆောင်ရွက်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ဦးတည်လျှောက်လှမ်း နေတာတွေကို ဘာမှအကူအညီဖြစ်စေမှာ မဟုတ်ပါဘူး"လို့ အာဖဂန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆဘ့်ဟတ် အာမက်ဒီက ပြောပါတယ်။ အာဖဂန်နိုင်ငံရေးပါတီက အဖွဲ့ဝင်တွေနဲ့ အရာရှိတွေဟာ မော်စကိုမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရပါတယ်။ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက်မှာ ပြုလုပ်သွားဖို့ သတ်မှတ်ထားပြီး နိုင်ငံအတွင်း အဓိက ပါတီကြီးတွေက ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးကို ဘယ်သူက စီစဉ်ပေးပြီး ဘယ်သူတွေ တက်ရောက်သွားမယ် ဆိုတာကတော့ တနင်္လာနေ့အထိ မရှင်းလင်းသေးပါဘူး။ မော်စကိုမှာ ရောက်နေတဲ့ အာဖဂန်အုပ်စုကနေ စီစဉ်ပြီး ဒီဆွေးနွေးပွဲကို လုပ်တာပါလို့ အစည်း အဝေးဖိတ်ကြားလွှာ လက်ခံရရှိတဲ့ အချို့က ပြောပါတယ်။
သမ္မတဟောင်းတက်ရောက်မယ်
ယခင် သမ္မတဟောင်းဖြစ်သူ ဟာမစ်ကာဇိုင်းကလည်း အာဖဂန်နိုင်ငံ ရေးသမားတွေနဲ့ တာလီဘန်တို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ တက်ရောက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတက်ရောက်ကြမယ့် နိုင်ငံရေးသမားတွေကတော့ သမ္မတဟောင်း ဟာမစ်ကာဇိုင်း၊ အုပ်ချုပ်ရေးမှူးဟောင်း အက်တာ မိုဟာမက်နော် တို့ဖြစ်ကြပြီး ဝါဒတ်ပါတီခေါင်းဆောင် မိုဟာမက် မိုဟက်ကီနဲ့ အခြားသော အဓိကပါတီခေါင်းဆောင် အချို့ကတော့ ဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့အတွက် စဉ်းစားနေကြဆဲပဲလို့ ပြောပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ တက်ရောက်မယ့်သူ စာရင်းမှာတော့ အမျိုးသမီးသုံးဦးသာ ပါဝင်တယ်လို့ သိရပါတယ်။ သမ္မတဟောင်း ဟာမစ်ကာဇိုင်း အာဏာရှိစဉ် အချိန်ကလည်း တာလီဘန်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ အတွက် အမေရိကန်ဘက်က ကြိုးစား အားထုတ်ပေးခဲ့ဖူးပါတယ်။ သမ္မတဟောင်း ဟာမစ်ကာဇိုင်းဟာ အာဖဂန် နစ္စတန်နိုင်ငံကို ၁၃ နှစ်ကြာ သမ္မတအဖြစ် ဦးဆောင်ခဲ့ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဘာတိုးတက်မှုမှရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အတိုက်အခံတွေကိုဝေဖန်
လက်ရှိသမ္မတ မစ္စတာဂါနီကတော့ နောက်တစ်ကြိမ်သမ္မတ ငါးနှစ်သက်တမ်းအတွက် ဝင်ရောက်အရွေးခံဖို့ ရည်ရွယ်ထားပြီး သူ့ရဲ့ အတိုက်အခံတွေကို ဝေဖန်ထားပါတယ်။ ဘယ်လိုမျိုး ဝေဖန်ထားသလဲဆိုရင် အာဖဂန်သမ္မတက အစပျိုးထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လျှော့ချဖို့အတွက် နိုင်ငံရေးအသုံးချမှုတွေ ဆောင်ရွက်နေတဲ့သူတွေလို့ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ တာလီဘန်တွေဖွဲ့စည်းမယ့် ကြားဖြတ်အစိုးရအဖွဲ့မှာ အာဏာခွဲဝေ ယူချင်ကြသူတွေ။ ဒါကြောင့်မို့လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဝိုင်းဝန်းလာကြသူတွေလို့ စွပ်စွဲခဲ့ပါတယ်။ တာလီဘန်ရဲ့ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးရှိရာ မိုဟာမက် အဘတ်စ် စတန်နက်ဇိုင်းကတော့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုအင်တာဗျူးတစ်ခုမှာ မစ္စတာမိုဟာမက်က တာလီဘန်တွေဟာ အာဖဂန်အစိုးရကို အသိအမှတ်မပြုဘူး။ ငြိမ်းချမ်းရေးစာချုပ်အပြီး အာဖဂန်တပ်ဖွဲ့ဟာလည်း ဖျက်သိမ်းခံရကောင်း ခံရနိုင် တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ အာဖဂန်တပ်ဖွဲ့ဟာ အမေရိကန်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး အမေရိကန်တွေ ထွက်သွားတဲ့အခါ ဒီတပ်ဖွဲ့ရဲ့ အနာဂတ်ကလည်း ပြီးသွားပြီလို့ ပြောခဲ့ပါတယ်။ မစ္စတာ စတန်နက်ဇိုင်းရဲ့ မှတ်ချက်ပေး ပြောဆိုမှုဟာ စေ့စပ်ညှိနှိုင်းမှု ရပ်တည်ချက်အတွက် အများကြီး သက်ရောက်နေပါတယ်။
အတိုက်အခံများ၏ တုံ့ပြန်မှု
တာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှာ နိုင်ငံရေးအရ တစ်ဦးတည်း မောင်ပိုင်စီးထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တာလီဘန်တွေဟာ အနာဂတ်အစိုးရအဖွဲ့မှာ အဓိကလွှမ်းမိုးနိုင်တဲ့ တပ်ဖွဲ့အဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင်ထားတယ်လို့ သူကဆက်ပြောပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေကတော့ လက်ရှိသမ္မတ မစ္စတာဂါနီဟာ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ဖယ်ကွာနေပြီး သူ့ကို အာဏာရစေခဲ့တဲ့သူတွေနဲ့တောင် သူက အဝေးမှာရှိနေပါတယ်။ သူဟာငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းမှု တွေမှာလည်း အချိန်ကို အချည်းနှီးဖြစ်စေခဲ့ပါတယ်။ တကယ်လို့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ခဲ့ရင် သူ့အတွက် နောက် ငါးနှစ်သက်တမ်း မသေချာတော့မှာကို စိုးရိမ်နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲ ခဲ့ကြပါတယ်။ ကန်ဒါဟာပြည်နယ်က အာဖဂန်ပါလီမန် အမျိုးသမီး အမတ် တစ်ဦးဖြစ်သူ ဖာရီဘာအာမက်ဒီကာကာ ကတော့ စစ်ပွဲအဆုံးသတ်ရေးအတွက် မည်သည့် ဆွေးနွေးပွဲကိုမဆို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လကလည်း အမေရိကန်သံတမန်တွေနဲ့ တာလီဘန်တို့ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ခြောက်ရက်ကြာ အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။
အခြေအနေ ပိုမိုရှုပ်ထွေးသွားစေနိုင်
အဲဒီဆွေးနွေးပွဲမှာတော့ ကိစ္စနှစ်ခုအတွက် မူဘောင်ချမှတ်နိုင်ဖို့ သဘောတူနိုင်ခဲ့တယ်လို့ နှစ်ဖက်စလုံးက ပြောပါတယ်။ တာလီဘန်တွေဘက်က အာဖဂန်မြေပေါ်မှာ အယ်ခိုင်ဒါလိုမျိုး အကြမ်းဖက်အုပ်စုတွေကို ခြေချခွင့် ဘယ်တော့မှပေးမှာ မဟုတ်သလို၊ အမေရိကန်ဘက်ကလည်း တပ်ဖွဲ့ဝင်တွေကို ပြန်လည်ပြီး ရုပ်သိမ်းပေးရမှာ ပဲဖြစ်ပါတယ်။ ဒိုဟာမြို့မှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ အာဖဂန်အစိုးရ မပါဝင်နိုင်ခဲ့တာရော အခုမော်စကိုက ဆွေးနွေးပွဲမှာလည်း အစိုးရမပါဝင်နိုင်ခဲ့တာဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးသွားစေ တယ်လို့ သူက ဆက်ပြောပါတယ်။ “ဒီလိုအရေးကြီးတဲ့ ဆွေးနွေးပွဲအားလုံးမှာ အာဖဂန် အစိုးရအနေနဲ့ ပါဝင်ခွင့် မရှိတာဟာ ကျွန်မတို့ကို ထိခိုက်စေပါတယ်။ တကယ်လို့များ ဒီအစိုးရက အမှားလုပ်ခဲ့ရင်တောင် ဒါဟာ ကျွန်မတို့ရွေးချယ်ထားတဲ့ အစိုးရလေ။ ကျွန်မတို့အားလုံးရဲ့ ခေါင်းဆောင်ပါ” လို့ သူကပြောခဲ့ပါတယ်။ အနာဂတ် အာဖဂန်နိုင်ငံ အတွက် ဆွေးနွေးနေကြတဲ့အချိန် အစိုးရက ပါဝင်နိုင်ခြင်းမရှိတာကြောင့် တာလီဘန်တွေက အမြတ်ထုတ်သွားနိုင်တယ်လို့ မစ္စကာကာက ပြောပါတယ်။
အမျိုးသမီးများ၏ အနာဂတ်အခြေအနေ
အာဖဂန်နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ ဒီလိုမျိုး ကွဲပြားမှုတွေရှိနေတာကို စိုးရိမ်မိတယ်လို့လည်း မစ္စ ကာကာက ပြောပါတယ်။ တာလီဘန်တွေဘက်က တိကျသေချာတဲ့ သဘောတူညီမှုမျိုးမရဘဲ အမေရိကန်ဘက်က အလျင်စလိုပဲ ငြိမ်းချမ်းရေးစာချုပ် လုပ်လိုက်မှာကို အာဖဂန်အများစုက စိုးရိမ်ကြပါတယ်။ ၂၀ဝ၁ ခုနှစ် တာလီဘန်တွေကို အမေရိကန်တို့က မတိုက်ခိုက်မီ အချိန်က တာလီဘန်တို့ အာဏာရှိစဉ်ကဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လူမှုဘဝ အခန်းကဏ္ဍဟာ အလွန်ကို ဖိနှိပ်ခံရလွန်းပါ တယ်။ ဒါကြောင့် အနာဂတ် အာဖဂန် အမျိုးသမီးတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲဆိုတာ သေချာမသိရ သေးခင် အလျင်စလို ငြိမ်းချမ်းရေး စာချုပ်လုပ်လိုက်မှာကို စိုးရိမ်နေကြတာပါ။ အခုလို ငြိမ်းချမ်းရေးအတွက် အားလုံးက လှုပ်ရှားနေကြတဲ့အချိန် မျိုးမှာ အာဖဂန်အစိုးရကို ချန်လှပ် ထားပြီး နိုင်ငံရေးသမားတွေနဲ့ တာလီဘန်တို့လုပ်တဲ့ ဆွေးနွေးပွဲဟာ အာဖဂန်သမ္မတကို ဒေါသထွက်စေတာကတော့ အမှန်ပါပဲ။ ။
ကိုးကား - နယူးယောက်တိုင်းမ်