အာဖဂန်တွင်ငြိမ်းချမ်းရေးရရှိရေးအတွက် တာလီဘန်များနှင့် အာဖဂန်နိုင်ငံရေးသမားများ တွေ့ဆုံ

ဒိုဟာ ၈ ဇူလိုင်  

တစ်ဦးနှင့်တစ်ဦး ပြင်းထန်သည့် ပြိုင်ဘက်များပါဝင်ပြီး ဩဇာတိက္ကမကြီးမားသည့် ဒါဇင်နှင့်ချီသော အာဖဂန်ခေါင်းဆောင်များသည် ကာတာနိုင်ငံ  ဒိုဟာမြို့တွင်  ဇူလိုင်  ၇  ရက်က  တာလီဘန်များနှင့်  တွေ့ဆုံခဲ့ပြီး  အပစ်အခတ်ရပ်စဲရေးနှင့်  ၁၈  နှစ်ကြာ  အာဖဂန် ပဋိပက္ခ ပြီးဆုံးချိန်တွင် အမျိုးသမီးများနှင့် လူနည်းစုများ၏ အနာဂတ်အရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အမေရိကန်အစိုးရအနေဖြင့် တာလီဘန်တို့နှင့် နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုကို ရယူပြီး အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲကို လာမည့်စက်တင်ဘာလတွင် ကျင်းပနိုင်ရေး ဦးတည်စေကာ အာဖဂန်မြေပေါ်မှ နိုင်ငံခြားတပ်များ စတင်ရုတ်သိမ်း နိုင်ရေးအတွက် ဆန္ဒရှိကြောင်း ဝါရှင်တန်က ပြောကြားထားသည်။

တာလီဘန်များနှင့် ဆွေးနွေးခဲ့သည့် ခြောက်ရက်တာကာလအတွင်း ရလဒ်အများအပြား ပေါ်ထွက်ခဲ့ကြောင်း အမေရိကန် ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဇယ်မေခါလီလ်ဇတ်က ဇူလိုင် ၆ ရက်က ကာတာတွင် ကျင်းပသည့် အမေရိကန်- တာလီဘန်ဆွေးနွေးပွဲတွင် ပြောကြားသည်။

တာလီဘန်ဘက်မှ  ပြောရေးဆိုခွင့်ရှိသူ  ဆူဟေးရှာဟင်ကလည်း  တိုးတက်မှုများ  ဝမ်းမြောက်မိကြောင်း၊  ယခုအချိန်အထိ အနှောင့်အယှက် အတားအဆီးများနှင့် မကြုံရသေးကြောင်း ပြောကြားခဲ့သည်။ အာဖဂန်များအချင်းချင်းဆွေးနွေးပွဲတွင် ကိုယ်စားလှယ်ပေါင်း ၆၀ ခန့် ပါဝင်ပြီး နိုင်ငံရေးသမားများ၊ အာဖဂန်စီးပွားရေးလုပ်ငန်းရှင်များ၊ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်ကြောင်း  သိရသည်။

နှစ်ရက်ကြာပြုလုပ်သည့်အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်ဘက်မှ တိုက်ရိုက်ပါဝင်မှု မပြုပေ။ အမေရိကန်ပြည်ထောင်စုက အာဖဂန်မြေပေါ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့် အသုံးပြုထားပြီး တာလီဘန်များနှင့် အာဖဂန်သမ္မတ  အက်ရှရက်ဖ်ဂါနီတို့  ဆွေးနွေးပွဲ ပြုလုပ်စေလိုသည်။

အေအက်ဖ်ပီ