ကင်မရွန်းနိုင်ငံ လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆန်မျူရယ်အီတူးဟာ ဒီဇင်ဘာ ၁၁ ရက်မှာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လေးကြိမ်အထိရရှိခဲ့ဖူးတဲ့ တိုက်စစ်မှူး ဆန်မျူရယ်အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ အာဖရိကဘောလုံးအဖွဲ့ ချုပ်ရဲ့ လေးဦးမြောက် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ အမ်ဘွန်ဘိုအင်န်ဂျိုယာကို အနိုင်ရရှိကာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အီတူးကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့တဲ့ ကင်မရွန်းနိုင်ငံဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလတို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ်ရှိ အီတူးဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးချိန်မှာ ကင်မရွန်းနိုင်ငံရဲ့ အားကစားကဏ္ဍတိုးတက်အောင်မြင်စေရေးအတွက် ပြုပြင်ပြောင်းလဲမှု အများအပြား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကတိပြုခဲ့ပါတယ်။

အီတူးဟာ ဘာစီလိုနာအသင်း၊ အင်တာမီလန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူး တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ အနည်းဆုံး အားကစားကွင်း ၁၀ ကွင်းအထိ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့လည်း ကတိပြုခဲ့ပါတယ်။

အီတူးဟာ ကင်မရွန်းနိုင်ငံရဲ့ ထိပ်တန်း ဂိုးသွင်းရှင်တစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ် အရွယ်ဖြစ်တဲ့ ၁၉၉၆ ခုနှစ်မှာ စပိန်လာလီဂါ ထိပ်တန်းကလပ်ရီးယဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီနောက် လီဂါနက်စ်၊ အက်စ်ပန်ညို၊ မာယော့ကာ စတဲ့အသင်းတွေမှာ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ တိုက်စစ်မှူး အီတူးဟာ မာယော့ကာအသင်းနဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုခဲ့ပြီး မာယော့ကာအသင်းအတွက် ၁၃၃ ပွဲမှာ ၅၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ ပါတယ်။

တိုက်စစ်မှူး အီတူးဟာ ၂၀၀၄ ခုနှစ်မှာ မာယော့ကာအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူစပိန်လာလီဂါဖလား သုံးကြိမ်၊ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တို့မှာ ချန်ပီယံလိဂ် ဖလား နှစ်ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ နှစ်ကြိမ်စလုံး နောက်ဆုံးဗိုလ်လုပွဲမှာ အီတူးဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်က ၃၄ ပွဲမှာ ၂၆ ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် စပိန်လာလီဂါပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ပထမဆုံးသော အာဖရိကနိုင်ငံသားဘောလုံး သမားလည်း ဖြစ်လာခဲ့ပါတယ်။

တိုက်စစ်မှူး အီတူးဟာ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းသို့ မပြောင်းရွှေ့မီကာလအတွင်း ဘာစီလိုနာအသင်းနဲ့အတူ ၁၄၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးစုစုပေါင်း ၁၀၈ ဂိုး သွင်းယူပေး နိုင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အတွင်းမှာတော့ တိုက်စစ်မှူး အီတူးဟာ အင်တာမီလန်အသင်းနဲ့အတူ အီတလီစီးရီးအေဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်နဲ့ ကမ္ဘာ့ကလပ်အသင်းများဖလား တစ်ကြိမ်တို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆန်မျူရယ်အီတူးဟာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို နိုင်ငံအသင်းအတွက်လည်း ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၂ ခုနှစ်တို့မှာ အာဖရိကနိုင်ငံများဖလားကို နှစ်ကြိမ်ဆက်တိုက်ရယူပေးနိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ကင်မရွန်းလက်ရွေးစင်အသင်းအတွက် အိုလံပစ်ရွှေတံဆိပ်ဆုကိုလည်း ရယူပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်