မတ် ၁၅

အာဖရိကဒေသ မာလာဝီနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်ရှိလာသည်ဟု သိရသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖရက်ဒီသည်  အာဖရိကတောင်ပိုင်းရှိ ကုန်းတွင်းပိုင်းကိုယခုလအစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် မာလာဝီ၊ မိုဇမ်ဘစ်နှင့်အခြားနေရာများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးမြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

မာလာဝီနှင့်မိုဇမ်ဘစ်နိုင်ငံများတွင် ယင်းမုန်တိုင်းကြောင့်  လူ ၂၁၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။

မာလာဝီနိုင်ငံ၏သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်များက နိုင်ငံအတွင်း လူ ၁၉၀ ထက်မနည်းသေဆုံးခဲ့ကြောင်းနှင့် ၁၉၀၀၀ ကျော်မှာနေရပ်စွန့်ခွာခဲ့ရကြောင်း ယမန်နေ့က ပြောကြားသည်။

မာလာဝီအစိုးရက နိုင်ငံတောင်ပိုင်းတွင် အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်ထားသည်။ ဒေသတွင်းအာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆက်လကလုပ်ဆောင်လျက်ရှိသည်။

မုန်တိုင်းဒဏ်ခံရသောဒေသများတွင် တစ်ကိုယ်ရေသန့်ရှင်းရေးအခြေအနေများပိုမိုဆိုးဝါးလာနိုင်ပြီး ကာလဝမ်းရောဂါနှင့် အခြားကူးစက်ရောဂါများဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို