မံစီ ၄ ဖေဖော်ဝါရီ    

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီက အာဖရိကန် ဝက်အပြင်းဖျားရောဂါ (AFRICAN SWINE FEVER)အကြောင်းအသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေခဲ့သည်။ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားများက ရောဂါအကြောင်းနှင့် ပတ်သက်၍ အသိပညာများရရှိပြီး တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဟောပြောခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

mdn

 

လက်ရှိ တရုတ်နိုင်ငံ၌ ဖြစ်ပွားနေသည့် ဝက်အပြင်းဖျားရောဂါအကြောင်းနှင့် မြို့နယ်အတွင်း ကူးစက်ရောဂါများရောက်လာမှု မရှိစေရန် ပြုလုပ်ရမည့်အကြောင်းအရာများကို အဓိကဟောပြောခဲ့သည်။ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြိုးဝေနှင့် ဒုတိယဦးစီးမှူး ဒေါက်တာလွင်လွင်မိုးတို့က ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်အတွင်းမှ အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သား (၂၃)ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများက မိမိတို့ရပ်ရွာများ၌ လက်ဆင့်ကမ်းဆွေးနွေး ပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။

 

mdn

 

မြို့နယ်အတွင်း ဝက်သားသတ်လုပ်ငန်း လုပ်ကိုင်သူများကို အသိပညာပေးပြီးဖြစ်ကြောင်းလည်း သိရသည်။ လူသူစည်ကားရာနေရာများ၊ လမ်းဆုံ လမ်းခွများ၊ ဈေးများ၌ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားပြီး ကျေးရွာများ၌လည်း ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြိုးဝေက ပြောကြားခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

MDN