အဒစ်အဘာဘာ၊ မတ်  ၂၄

 

အာဖရိကနိုင်ငံများအနက် ၁၀ နိုင်ငံသည် ဆင်းရဲမွဲတေမှု အမြင့်မားဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ စီးပွားရေးကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အဆိုပါ နိုင်ငံများသည် အာဖရိကတွင် ဆင်းရဲမွဲတေမှု အမြင့်မားဆုံးနှင့် ရင်ဆိုင်နေရသော နိုင်ငံများဖြစ်ပြီး ၎င်းနိုင်ငံများ သည် ဘူရွန်ဒီ၊  ဆိုမာလီယာ၊  မာဒါဂတ်စကာ၊ တောင်ဆူဒန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ မာလာဝီ၊  ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဂီနီဘစ်ဆော၊ မိုဇမ်ဘစ် နှင့် ဇမ်ဘီယာနိုင်ငံတို့ ဖြစ်ကြောင်း ကုလသမဂ္ဂ စီးပွားရေးကော်မရှင်မှ ဒုတိယ အမှုဆောင်အတွင်းရေးမှူးနှင့် စီးပွားရေးပညာရှင် ဟာနန်မော်ဆေးက အီသီယိုး ပီးယားနိုင်ငံ မြို့တော်အဒစ်အဘာဘာ၌ ယမန်နေ့တွင် ကျင်းပသည့် အာဖရိက ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးများဆိုင်ရာ ကုလသမဂ္ဂ  စီးပွားရေးကော်မရှင် ညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ  ၁၀ နိုင်ငံမှ လူဦးရေ ၆၀ ရာခိုင်နှုန်းမှ ၈၂ ရာခိုင်နှုန်းကြားသည် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေရသည် ဟု ကုလသမဂ္ဂ စီးပွားရေးကော်မရှင်၏ စစ်တမ်းတစ်ရပ်ကို ကိုးကားပြီး စီးပွားရေး ပညာရှင် ဟာနန်မော်ဆေးက ဆိုသည်။

အာဖရိကရှိ အိမ်ထောင်စုများသည် ၎င်းတို့ ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကို စားရေ ရိက္ခာအတွက် သုံးစွဲရပြီး ကမ္ဘာ့အကျပ် အတည်းများ၏ သက်ရောက်မှုသည် အာဖရိကရှိ အဆင်းရဲဆုံး အိမ်ထောင်စုများအပေါ်  ရိုက်ခတ်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

 

ထို့ပြင် ၂၀၂၂ ခုနှစ်တွင်  အာဖရိက နိုင်ငံသားသန်း ၃၁၀ သည် စားရေရိက္ခာ မလုံလောက်မှုကို ခံစားရပြီး အာဖရိက နိုင်ငံသား ခြောက်သန်းသည် ငတ်မွတ်မှု ဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ၎င်း က မှတ်ချက်ပြုပြောကြားသည်။ လက်ရှိတွင် ပြည်သူ ၅၄၆ သန်းခန့်သည် ဆင်းရဲမွဲတေစွာ နေထိုင်နေရဆဲဖြစ် ပြီး ယင်းပမာဏသည် ၁၉၉၀ ပြည့်နှစ်မှစပြီး ၇၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်