ဇန်နဝါရီ  ၂၈

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှ ဂမ်ဘီယာအသင်းနှင့် အိမ်ရှင်ကင်မရွန်း အသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဂမ်ဘီယာအသင်းသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ၁၆ သင်း အဆင့်တွင် ဂီနီယာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် ရရှိခဲ့သော ဘာရိုး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်ပြီး ပြိုင်ဘက် ကင်မရွန်းအသင်းက အဆိုပါ အဆင့်တွင် ကိုမိုရို့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။

ကင်မရွန်းအသင်းသည် ၂၀၁၇ ခုနှစ်တွင် ဂါဘွန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် နောက်ဆုံးဆွတ်ခူးထားသည့်အတွက် အောင်မြင်မှုနှင့် ဝေးကွာနေသည်ဟု ဆိုနိုင်သည်။ ကွန်ဒီ၊ ချူပိုမိုတင်း၊ အဘူဘက်ကာ၊ အီကမ်ဘီ စသည့် ကစားသမားကောင်းများဖြင့် ဖွဲ့စည်းထားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ရေးကြိုးစားလာမည့် ကင်မရွန်းအသင်းကို ဂမ်ဘီယာအသင်း အနိုင်ရရှိဖို့ အခက်တွေ့ဖွယ်ရှိသည်။ ထို့အပြင် ဂမ်ဘီယာ အသင်းနှင့် ကင်မရွန်းအသင်းတို့ နောက်ဆုံးနှစ်ကြိမ်ထိပ်တိုက် တွေ့ဆုံ မှုတွင် ကင်မရွန်းအသင်းကသာ နှစ်ကြိမ်စလုံး အနိုင်ရရှိထားသည်ကို တွေ့ရသည်။

ယခုပွဲစဉ်တွင် သမိုင်းသစ်ရေးထိုးနိုင်ရေး အကောင်းဆုံးပြင်ဆင်လာမည့် ဂမ်ဘီယာအသင်းနှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလားနှင့် ဝေးကွာနေသည့် ကင်မရွန်းအသင်းတို့ တွေ့ဆုံမှုက ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိသည်။ ထို့ကြောင့် မည်သည့်အသင်းက နိုင်ပွဲရရှိပြီး နောက်တစ်ဆင့် တက်ရောက်သွားနိုင်မလဲ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမည် ဖြစ်သည်။

အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် ဘာကီနာဖာဆိုအသင်းနှင့် တူနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အောင်ဇော်