လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့မိုဟာမက် ဆာလာ၊ ဆာဒီယိုမာနေးနဲ့ နာဘီကီတာတို့ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို နိုင်ငံကိုယ်စားပြုအသင်းတွေအတွက် သွားရောက်ကစားမှာဖြစ်ပေမယ့် အဲဒီကစားသမားသုံးဦးနေရာအတွက် ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ အစားထိုးကစားသမားခေါ်ယူသွားမှာမဟုတ်ဘူးလို့ လီဗာပူးအသင်းနည်းပြ ကလော့ က ပြောကြားခဲ့ပါတယ်။

မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေးနဲ့ နာဘီကီတာတို့ဟာ အခုနှစ်ဘောလုံးရာသီမှာ လီဗာပူး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနေပြီး မိုဟာမက်ဆာလာဟာ အီဂျစ်အသင်း၊ ဆာဒီယို မာနေးနဲ့ နာဘီကီတာတို့ဟာ ဆီနီဂေါအသင်းတို့နဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို သွားရောက် ကစားမှာလည်း ဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အယ်လ်ဂျီ ရီးယားအသင်းဟာ လက်ရှိ အာဖရိကနိုင်ငံများ ဖလား ချန်ပီယံအသင်းလည်း ဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်အတွင်းက ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပခဲ့ ပေမယ့် အယ်လ်ဂျီးရီးယားအသင်းဟာ ၂၀၁၉ ခုနှစ်အတွင်း နောက်ဆုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လက်ရှိ ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး ဆာဒီယိုမာနေးဟာလည်း ပရီမီယာလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး ခုနစ်ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ အတူ အဲဒီလိုစွမ်းဆောင်ရည်တွေရှိခဲ့ပေမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ကစား နေချိန်မှာ ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးဖို့ ဘယ်ကစားသမားကိုမှ ခေါ်ယူသွားမှာမဟုတ် ဘူးလို့ နည်းပြကလော့က အတိအလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိပရီမီယာလိဂ်ပွဲစဉ် ၁၈ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၄၁ မှတ် ရရှိထားပြီး အမှတ်ပေးဇယားထိပ်က မန်စီးတီးအသင်းနဲ့ သုံးမှတ်အကွာ အမှတ်ပေးဇယားအဆင့်(၂) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်