mdn

၂၁ ဇွန်

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အာဖရိကနိုင်ငံများဖြစ်သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင် ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သက်ထားသူဇာသည် ဇွန် ၂၇ ရက်မှ ၃၀ ရက်အထိ ဘီနင်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန် ၂၄ ရက်တွင် ဘီနင်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်သည်။ သက်ထားသူဇာသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် မောရစ်သျှ International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုရအပြီး ရက်ပိုင်းအကြာမှာပင် နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 

သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အဓိကပြင်ဆင်နေခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၀ဝ အတွင်းဝင်ရန် ကြိုးပမ်းနေသောကြောင့် ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ 

 

သက်ထားသူဇာသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲလေးခု ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ယခုယှဉ်ပြိုင်မည့် ပြိုင်ပွဲနှစ်ခုအပါအဝင် နိုင်ငံတကာပြိုင်ပွဲများစွာ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှစ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့ပြီး လက်ရှိအချိန်ထိ ချန်ပီယံဆု လေးကြိမ်ရရှိထားသည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ပြိုင်ပွဲများကို အဆင့်သတ်မှတ်ချက်များအလိုက် ကျင်းပလျက်ရှိပြီး သက်ထားသူဇာအနေဖြင့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ Future Series ကြက်တောင်ရိုက်ပြိုင်ပွဲတို့ထက် ပိုမိုအဆင့်မြင့်မားသည့် International Challenge  ကြက်တောင်ရိုက်ပြိုင်ပွဲတွင်လည်း ထပ်မံယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 


သက်ထားသူဇာသည် ယခုယှဉ်ပြိုင်မည့် ပြိုင်ပွဲနှစ်ခုပြီးပါက ဒိန်းမတ်နိုင်ငံ၌ နှစ်လကြာ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး စက်တင်ဘာတွင် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်