အက်ဒီးစ်အဘာဘာ ဇွန် ၁၀
အာဖရိကနိုင်ငံများသည် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၈၁၈ သန်းကို လက်ခံရ ရှိခဲ့ပြီးဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဇွန် ၉ ရက်တွင် ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ထည့်သွင်းပြောကြားသည်။
အာဖရိကသမဂ္ဂ၏ အထူးပြုကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီဖြစ်သည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိက တစ်တိုက်လုံးတွင် ပြည်သူ ၁၇ ဒသမ ၃ ရာခိုင်းနှုန်းခန့်ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အာဖရိကတိုက်တွင် ရရှိထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၈၁၈ လုံးအနက် ၅၇၉ လုံး သို့မဟုတ် ရရှိထားသည့်ကာကွယ်ဆေးစုစုပေါင်း၏ ၇၀ ဒသမ ၇ ရာခိုင်နှုန်းကို ပြည်သူများအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆေချီလီးစ်၊ မော်ရီးတီးယားစ်၊ ရဝန်ဒါ၊ မော်ရိုကိုနှင့် ဘော့ဆွာနာကဲ့သို့သောနိုင်ငံများသည် ၎င်းတို့၏ ပြည်သူ အများစုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အသီးသီးထိုးနှံပေးခဲ့ကြောင်း အေဂျင်စီ၏အဆိုအရ သိရသည်။ ထို့အပြင် အာဖရိက ၁၀ နိုင်ငံသည် ၎င်းတို့စုစုပေါင်းလူဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇွန် ၈ ရက် ညနေပိုင်းအထိ ရရှိသည့်နောက်ဆုံးအချက်အလက်များအရ အာဖရိကတစ်တိုက်လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၆၇၅၈၂၅ ဦးရှိလာပြီး ယင်းတို့အနက် ၂၅၃၅၁၈ ဦးသည် ထိုရောဂါဖြင့် သေဆုံးကာ ကျန် ၁၁၀၄၂၂၁၁ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာလာကြောင်း အာဖရိကကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ