အာဖရိကတောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၆၀ဝ ကျော်ရှိလာ

ဟာရာရီ ၂၅ မတ်

 

အာဖရိကတောင်ပိုင်းနိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် စတုရန်းကီလိုမီတာ ထောင်နှင့်ချီ၍ ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါမုန်တိုင်း ကြောင့်သေဆုံးသူအရေအတွက်မှာ ၆၀ဝ ကျော်ထိရှိလာပြီ ဖြစ်သည်။ မုန်တိုင်းနောက်ဆက်တွဲ ရောဂါများကလည်း အသက်ရှင်ကျန်ရစ်သူများကို အန္တရာယ်ပေးလျက်ရှိသည်။ မိုဇမ်ဘစ်နိုင်ငံတွင် မုန်တိုင်းကြောင့်  သေဆုံးသူအရေအတွက်မှာ ၄၁၇ ဦးရှိပြီး  အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံမှ   သေဆုံးသူအရေအတွက်နှင့်ပေါင်းလျှင်  သေဆုံးသူ ၆၇၆ ဦးအထိရှိကြောင်း သိရသည်။

 

ဆိုင်ကလုန်းမုန်တိုင်း Idai သည် ပြီးခဲ့သည့်သီတင်းပတ်သောကြာနေ့က  မိုဇမ်ဘစ်နိုင်ငံသို့  ဝင်ရောက်ခဲ့ပြီး  မိုးသက်လေပြင်းများ ကျရောက်ခဲ့သည်။ ထို့နောက်  မုန်တိုင်းမှာ ဇင်ဘာဘွေနိုင်ငံသို့ ရွေ့သွားခဲ့ပြီး အပျက်အစီးများစွာ ကျန်ရစ်ခဲ့သည်။ မုန်တိုင်းဒဏ်ခံဒေသများသို့ ကယ်ဆယ်ရေးသမားနှင့် သက်သာ ချောင်ချိရေး ဝန်ထမ်းများ ဝင်ရောက်အကူအညီပေးနေခဲ့သည်မှာ သီတင်းနှစ်ပတ်အတွင်းသို့    ဝင်လာပြီဖြစ်သည်။ ကုလသမဂ္ဂကလည်း မိုဇမ်ဘစ်နိုင်ငံကို အကူအညီများပေးရန် တောင်းဆိုခဲ့ပြီး  မိုဇမ်ဘစ်နိုင်ငံမှ ပြည်သူများ ထောင်နှင့်ချီ၍ အကူအညီလိုအပ်လျက်ရှိသည်။  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း စားနပ်ရိက္ခာလိုအပ်ချက်မှာ အဆင့်သုံး အရေးပေါ်အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း သောကြာနေ့နှောင်းပိုင်းက ကြေညာခဲ့သည်။

 

ယီမင်နိုင်ငံ၊ ဆီးရီးယားနှင့် တောင်ဆူဒန်တို့တွင်လည်း စားနပ်ရိက္ခာလိုအပ်ချက်များရှိနေဆဲဖြစ်သည်။  မိုဇမ်ဘစ်နှင့်ဇင်ဘာဘွေနိုင်ငံတို့တွင် လူပေါင်း နှစ်သန်းခန့် မုန်တိုင်းကြောင့် အတိဒုက္ခရောက်ခဲ့ရပြီ။  မာလာဝီနိုင်ငံတွင် မုန်တိုင်းအစပြုခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ကာ လူပေါင်းတစ်သန်းခန့်နီးပါးကိုလည်း    နေရာပြောင်းရွှေ့ပေးခဲ့ရသည်။    မိုဇမ်ဘစ်နှင့်ဇင်ဘာဘွေတို့တွင် လူပေါင်းရာနှင့်ချီ၍  ပျောက်ဆုံးနေဆဲဖြစ်သည်။  မိလ္လာစနစ်မကောင်းမွန်ခြင်းကြောင့်လည်း  ရောဂါများ ဖြစ်ပေါ်လာလျက်ရှိသည်။ အချို့သောဒေသများတွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း သိရသည်။

 

အေအက်ဖ်ပီ