အာဖရိကတိုက် အရှေ့တောင်ပိုင်း ရေကြီးမှုကြောင့် လူ ၃၀ဝ ကျော် သေဆုံး

အာဖရိကတိုက် အရှေ့တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်မှုခဲ့ရာ လူပေါင်း ၃၀ဝကျော် သေဆုံးခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက အစားအသောက်များ၊ ဆေးဝါးနှင့်အခြား လိုအပ်သည့်ပစ္စည်းများ ပေးအပ်ရန် ဘေးသင့်ရာဒေသများသို့ သွားရောက်လျက်ရှိသည်။

မိုဇမ်ဘစ်နိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒိုင်း မတိုက်ခတ်မီ ယခုလအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။

 

mdn

 

မိုးသည်းထန်မှုကြုံတွေ့ခဲ့ရသည့် နိုင်ငံများမှာ မိုဇမ်ဘစ်၊ ဇင်ဘာဘွေ၊ မာလာဝီနှင့် တောင်အာဖရိကတို့ ဖြစ်သည်။ လက်ရှိအချိန်ထိ လူပေါင်း ၃၀၈ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

မိုဇမ်ဘစ်နိုင်ငံရှိ ဆိပ်ကမ်းမြို့တော်တစ်ခုဖြစ်သည့် ဘိုင်ရာတွင် မြစ်နှစ်စင်း ရေလွှမ်းမိုးခဲ့ပြီး မြို့တော်ရှိ နေရာအများစုတွင် ရေနစ်မြုပ်ခဲ့သည်။ သစ်ပင်များပေါ်တွင် သောင်တင်နေသည့် လူအများအပြားကို ကယ်ဆယ်ခဲ့ကြောင်း ဗီဒီယိုဖိုင်များတွင် ပြသနေသည်။

သဘာဝဘေးအန္တရာယ်မှာ ပြင်းထန်သောကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀ဝ၀ကျော်အထိ မြင့်တက်လာနိုင်ကြောင်း မိုဇမ်ဘတ်သမ္မတ ဖီးလစ်ပီညူစီက ပြောကြားသည်။

ကိုးကား-အန်အိချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn