အဒစ်အဘာဘာ ဩဂုတ် ၂၃
အာဖရိကတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၄၆၆၁၈၇ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသော အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၈၇၉၆၉ ဦး ရှိကြောင်းနှင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၆၅၇၈၄၀၃ ဦး ရှိလာကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုပီးယားနိုင်ငံတို့သည် အာဖရိက တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
လက်ရှိတွင် တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၆၆၆၉၆၄ ဦး ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၉၉၇၇၅ ဦးရှိကြောင်း သိရသည်။ အာဖရိကတိုက်၌ ဒေသအလိုက် ကိုဗစ်၁၉ရောဂါကူးစက်ဖြစ်ပွားမှုတွင် အာဖရိကတောင်ပိုင်း ဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းဆုံး ဒေသဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်