နီဇော်သစ်

 

အာဖရိကတိုက်သည် ယခင်ကထင်ထားသည်ထက် ပို၍မြန်မြန်ဆန်ဆန် နှစ်ပိုင်းကွဲထွက်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။

 

အီသီယိုးပီးယားနိုင်ငံ သဲကန္တာရထဲတွင် ၂၀၀၅ ခုနှစ်က ၃၅ မိုင်ရှည်လျားသော အက်ကြောင်းကြီး ဖြစ်ပေါ်လာပြီးနောက် ထိုအက်ကြောင်းကြီးသည် တစ်နှစ်လျှင် လက်မဝက်နှုန်းဖြင့် ကျယ်ပြန့်လာလျက်ရှိသည်။ ထိုဖြစ်စဉ်မှာ လာမည့်နှစ်ပေါင်း ၁၀ သန်းကျော်တွင် အာဖရိကတိုက်ကို နှစ်ခြမ်းကွဲသွားစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

 

သို့သော် ယခုအချိန်တွင်မူ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက အာဖရိကတိုက် နှစ်ခြမ်းကွဲခြင်းသည် လာမည့် နှစ်ပေါင်တစ်သန်းမှ ငါးသန်းအတွင်းဖြစ်နိုင်ကြောင်း ပြင်ဆင် ခန့်မှန်းခဲ့ကြသည်။ ထိုသို့ ကွဲထွက်သွားခဲ့လျှင် ကမ္ဘာပေါ်၌ တိုက်အသစ်တစ်ခုနှင့် သမုဒ္ဒရာအသစ်တစ်ခု ပေါ်လာမည်ဖြစ်သည်။

 

ပါမောက္ခကင် မက်ဒေါ်နယ်က “ဘာဖြစ်လာမလဲဆိုတော့ အိန္ဒိယသမုဒ္ဒရာထဲက ရေတွေဝင်လာပြီး အခု အရှေ့အာဖရိက မြေကျွံချိုင့်ဝှမ်းကို လွှမ်းသွားမှာပါ။ ငလျင်လှုပ်တာတွေ၊ မီးတောင်ပေါက်ကွဲတာတွေလောက်ပဲ ကြုံရမှာပါ။ ကျွန်တော်တို့ သက်တမ်းအတွင်းမှာ သမုဒ္ဒရာကြီးတစ်ခု ဖြစ်ထွန်းလာတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။

 

ထိုအက်ကြောင်းကြီးသည် ဆိုမာလီယာ၊ ကင်ညာ၊ တန်ဇန်း နီးယားနှင့် အီသီယိုးပီးယားနိုင်ငံများကို ဖြတ်သွားမည်ဖြစ်သည်။ ထိုနေရာတွင် ဆိုမာလီယာကျောက်ပြားကြီးနှင့် နူဘီယန်ကျောက်ပြားကြီးတို့ ထပ်လျက်ရှိရာ နှစ်ခြမ်းကွဲမှုဖြစ်စဉ်ကြောင့် ထို တက်တိုးနစ် ကျောက်ပြားကြီးနှစ်ချပ် လွတ်သွားမည်ဟုလည်း ခန့်မှန်းထားကြသည်။ ထိုသို့ ကျောက်ပြားကြီးနှစ်ချပ်ကွဲကွာသွားလျှင် မာဒါဂတ်စကာကျွန်းကြီးသည်လည်း ကျွန်းငယ်နှစ်ကျွန်းအဖြစ်ကွဲသွားမည်ဟု ခန့်မှန်းထားသည်။