၂၄ ဇူလိုင်

 

ဆင်တွေရဲ့ မျက်စိနှင့် နှာမောင်းအတွင်းက တစ်ရှူးပျော့နေရာတွေဟာ ပျားတွေက တုပ်မိခဲ့မယ်ဆိုရင် နာကျင်မှုဒဏ်ကို အရမ်းခံစားရတဲ့ ၎င်းတို့ရဲ့အားနည်းချက် နေရာများဖြစ်ကြပါတယ်။ အာဖရိကဆင်တွေဟာ ပျားတွေရဲ့ အနံ့ကို အာရုံခံခွဲခြားနိုင်ဖို့ ရာစုနှစ်များစွာကတည်းက လေ့လာသိမြင်ခဲ့ကြတယ်လို့ ကျွမ်းကျင်သူများက ယူဆထားကြပါတယ်။

 

အဲဒီလို ဆင်တွေဟာ ပျားတွေနဲ့ ရှောင်တတ်တဲ့အချက်ကို လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှု မြင့်တက်နေတဲ့ နေရာတွေမှာ အသုံးချနိုင်ကြောင်း သုတေသီတွေက ထုတ်ဖော်ခဲ့ကြပါတယ်။

 

သိပ္ပံပညာရှင်များဟာ တောင်အာဖရိကနိုင်ငံ Greater Kruger  အမျိုးသား ဥယျာဉ်အတွင်းမှာ ပျားကောင်များ၏ ဖယ်ရိုမုန်းစ်ဓာတ်များ ထည့်ထားတဲ့ ချည်အိတ်တစ်ခုကို ချိတ်ဆွဲပြီး သုံးလကြာ ကွင်းဆင်းစမ်းသပ်မှု ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းချည်အိတ်အနီး ချည်းကပ်လာတဲ့ ဆင် ၂၉ ကောင်အနက် ၂၅ ကောင်ဟာ သာမာန်အနေအထားမှ တစ်စုံတစ်ခုကို သံသယရှိကြောင်း သတိအနေအထား ပြောင်းလဲသွားပြီး  နောက်ဆုံးမှာ ချည်အိတ်နှင့် ဝေးရာကို တဖြည်းဖြည်း ရှောင်ထွက်သွားကြတာ တွေ့ရှိခဲ့ကြပါတယ်။ ဖယ်ရိုမုန်းစ်ဓာတ်ဟာ ပျားအုံအနီးကို အန္တရာယ် တစ်စုံတစ်ခု ကျရောက်လာခါနီးပြီဟု ယူဆချိန်တွင် ပျားတွေရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ ဓာတုဓာတ်တစ်မျိုးဖြစ်ပါတယ်။

 

ပိုမိုသေချာမှု ရှိစေရန် ဖယ်ရိုမုန်းစ်ဓာတ် မပါတဲ့ ချည်အိတ်ကို ပြောင်းလဲ ချိတ်ဆွဲကြည့်ရာမှတော့ ဆင်တွေဟာ အဆိုပါ ချည်အိတ်အလွတ်ကို စူးစမ်းတဲ့ သဘောဖြင့် နှာမောင်းဖြင့် မြှောက်ပင့် စမ်းသပ်သွားတာကို တွေ့ရပါတယ်။

 

အဲဒီနောက်ပိုင်းမှာတော့ အာဖရိက လယ်သမားများဟာ ၎င်းတို့ရဲ့ သီးနှံတွေကို ဆင်ရန်က ကာကွယ်ဖို့ ဈေးအသက်သာဆုံးနည်းအဖြစ် ခြံစည်းရိုးတစ်လျှောက်မှာ ပျားအုံတွေစီးပွားဖြစ် မွေးမြူလာကြပါတယ်။

 

“ကျွန်တော်တို့ရဲ့တွေ့ရှိမှုမှာ ပျားတွေဟာ ကောက်ပဲသီးနှံတွေကို ဆင်တွေ ဖျက်ဆီးမယ့် ရန်ကနေ ကာကွယ်ပေးနိုင်တယ်ဆိုတာ အပြည့်အဝ သက်သေပြနိုင်ခဲ့တယ်။ ဒါပေမဲ့ အရေအတွက်များတဲ့ ဆင်အုပ်တွေကို ခြောက်လှန့်နိုင်ဖို့တော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။” ဟု လေ့လာမှုမှာ ဦးဆောင်ခဲ့တဲ့ ဟာဝိုင်အီ တက္ကသိုလ် သစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ ပိုးမွှားဗေဒ ပါမောက္ခ Mark Wright က ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

SMZaw (MDN)

ကိုးကား - AFP