အာဖရိကဦးချိုဒေသက ရွှေ့ပြောင်းသွားလာသူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု ကုလသမဂ္ဂ ဖန်တီး

နိုင်ရိုဘီ ၁၆ ဖေဖော်ဝါရီ

 

အာဖရိကအရှေ့ပိုင်းနဲ့ ဦးချိုဒေသက ရွှေ့ပြောင်းသွားလာသူတွေအတွက် MigApp လို့အမည်ပေးထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းက ဖန်တီးခဲ့ပါတယ်။

 

MigApp အက်ပလီကေးရှင်းဟာ မိုဘိုင်းအသုံးပြု one-stop-shop ပုံစံဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများဟာ နောက်ဆုံးထုတ်ပြန်ထားတဲ့ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို MigApp ကတဆင့် ရယူနိုင်ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့အစည်း (IOM) က သိရပါတယ်။

 

“MigApp ကနေ ရွှေ့ပြောင်းခရီးစဉ်တစ်လျှောက်လုံး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေပေးမယ်။ ဘယ်နေရာရောက်နေပြီ ဆိုတာကိုလဲ ချစ်ခင်ရသူတွေအချင်းချင်း သတင်းပေး မျှဝေနိုင်မယ်” လို့ ကုလသမဂ္ဂ ရဲ့ MigApp စီမံကိန်းမန်နေဂျာ အဲလက်စ် ဒိုဂန် က ပြောပါတယ်။

 

MigApp ဟာ ခေတ်ပေါ်နည်းပညာနဲ့ တွင်ကျယ်လာတဲ့ မိုဘိုင်းဆက်သွယ်ရေးစနစ် အကျိုးကျေးဇူးတွေကို ပေါင်းစပ်ဖန်တီးထားတာကြောင့် အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရပြီး သုံးရလွယ်ကူပါတယ်။ MigApp ကို ဘူရွန်ဒီ၊ ကင်ညာ၊ ယူဂန်ဓါ၊ တန်ဇန်နီးယား၊ အီသီယိုပီးယား၊ ရဝမ်ဒါ၊ ဂျီဘူတီ၊ တောင်ဆူဒန်နဲ့ ဆိုမာလီယာ စတဲ့ ကိုးနိုင်ငံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

 

နိုင်ငံရေးမတည်ငြိမ်မှု၊ မိုးခေါင်ရေရှားမှုတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် ရွှေ့ပြောင်းသွားလာသူ ဦးရေ ပိုတိုးလာကြောင်း၊ လူတွေဟာ မိသားစု၊ ချစ်ခင်ရသူတွေအတွက် ရေကြည်ရာ မြက်နုရာရှာဖွေဖို့ တစ်နေရာက တစ်နေရာ ရွှေ့ပြောင်းသွားလာနေရကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာသူများအဖွဲ့က ဆိုထားပါတယ်။

 

ယခုအခါ MigApp ကြောင့် ရွှေ့ပြောင်းသွားလာသူတွေရဲ့ ခရီးစဉ်တွေ ပိုမိုလုံခြုံလာပြီး IOM ရဲ့ ဝန်ဆောင်မှုတွေကိုလဲ လွယ်လွယ်ကူကူ ရယူနိုင်တော့မှာဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > ဆင်ဟွာ