နေပြည်တော်   ၁၄  မတ်

၁။    အာဖရိကဝက်အပြင်းဖျားရောဂါသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ယူနန်ပြည်နယ်အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသတို့ရှိပြည်နယ်အချို့ရှိဝက်ခြံပေါင်း (၁၀၄) ခြံတွင်ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ပြီးဝက်ကောင်ရေ (၁,ဝ၀ဝ,ဝ၀ဝ) အားသုတ်သင်ရှင်းလင်းခဲ့ရသောကြောင့်မိမိနိုင်ငံရှိဝက်ခြံများကိုလည်း အာဖရိကဝက် အပြင်းဖျားရောဂါကူးစက် ပျံ့နှံမှုမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကိုစနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(က)    ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကိုအထူးဂရုပြုဆောင်ရွက်ရန်၊

(ခ)    ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ)    အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသောစားသောက်ဆိုင်များမှစားကြွင်း/ကျန်ကျွေးခြင်း မပြုလုပ်ရန်၊ မီးဖိုချောင်ထွက် အသားအပိုင်းအစများကို အစာကြွင်းကျန်ထဲ မထည့်ရန်နှင့် အိမ်မွေးဝက်များကို မကျွေးရန်၊

(ဃ)    အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင် အထွက် ထိန်းချုပ်ရန်၊

(င)    အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊

(စ)    ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

(ဆ)    ပြည်ပမှ တရားမဝင် တင်သွင်းလာသောဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများတင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊

(ဇ)    တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်နှင့် တောဝက်များကိုဖမ်းဆီးသတ်ဖြတ်ခြင်း မပြုရန်

(ဈ)    တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ည)    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန