ဇွန် ၂၄
အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်ရောဂါဖြစ်၍ ဝက်များတွင် ကူးစက်ခံရပါက (၁၀၀ %) သေဆုံးနိုင်ပြီး စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု များသောကြောင့် ရောဂါကြိုတင် ကာကွယ်ရေးအတွက် အောက်ပါအချက်များအားလိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(က) အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိပါ၊
(ခ) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊
(ဂ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင် ရွက်ရန်၊
(ဃ) ဝက်များကို စားသောက်ဆိုင်/အိမ်များမှ စားကြွင်း/ကျန်ကျွေးခြင်း ပြုလုပ်ပါက အပူပြင်း ပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊
(င) အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်/အထွက် ထိန်းချုပ်ရန်၊
(စ) အသက်အရွယ်တူဝက်များကိုသာ အတူတူ မွေးမြူရန်၊
(ဆ) ဝက်ခြံများ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊
(ဇ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊
(ဈ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိ ဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်း မှမွေးမြူရန်၊
(ည) ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ ဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်း များတင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
(ဋ) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊
(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


