၁။အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကတိုက်နိုင်ငံများရှိ ဝက်များတွင် သာဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အိမ်နီးချင်းအာရှနိုင်ငံများတွင် ကူးစက် ဖြစ်ပွားခဲ့ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်အလိုက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း ၍ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တရားမဝင် ဝင်ရောက်လာသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တားဆီးကာကွယ်ထိန်းချုပ်ရေးအဖွဲ့များဖွဲ့စည်းလျက် တရားမဝင်ဝင် ရောက်လာသည့် ဝက်နှင့်ဝက်ထွက်ပစ္စည်းများကိုစစ်ဆေးပြီး ကန့်သတ်/ပိတ်ပင်/တားဆီး/ ဖျက်ဆီး ခြင်း၊ ပြည်သူလူထု အသိပညာပေးခြင်း၊ ဝက်ရောဂါစူးစမ်းထောက်လှမ်းခြင်းနှင့် ဇီဝလုံခြုံမှုမြှင့် တင်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပန် ဆန်းမြို့နယ်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသ များသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက်  ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ် ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်ခြင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE) သို့ သတင်းပေးပို့ခြင်းနှင့် နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

 

၂။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ် ပွားမှုနှင့် ပတ်သက်၍ နာမကျန်းဝက်(၂) ကောင်မှ ကောက်ယူထားသော သွေးနမူနာပစ္စည်းကို မော်လီကျူလာ နည်းပညာ (Real Time -PCR)ဖြင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျားရောဂါပိုး (African Swine Fever Virus)၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရပါသဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ (၁၇-၂-၂၀၂၀) ရက်၌ သတင်းပေးပို့ခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

 

၃။         အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးဝက်များ၊ တောဝက်များတွင် သေဆုံးမှုမြင့်မားသောရောဂါတစ်မျိုးဖြစ်ပါသည်။ ကာကွယ်ဆေးနှင့်ကုသဆေး မရှိသေးပါ။ အဆိုပါရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ကြာင်း အတည်ပြုပြီးသည့်ခြံအား သုတ်သင်ရှင်းလင်းခြင်း (Stampin gout) ပိုးသတ်ဆေးဖြန်းခြင်း၊ ရောဂါဖြစ်ဒေသမှ ဝက်နှင့်ဝက်ထွက်ပစ္စည်းများတင်သွင်းမှုကို ကန့်သတ်တားဆီးပိတ်ပင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရပါသည်။ သို့သော် လူသို့ကူးစက်တတ်သောရောဂါ အမျိုးအစား မဟုတ်ပါ။

 

၄။         မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလုပ် ထုံးလုပ်နည်းများနှင့်အညီ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)သို့  ကနဦးသတင်းပေးပို့ဆောင်ရွက်လျက်ရှိပါသည်။

 

၅။        ရောဂါကျရောက်ဖြစ်ပွားမှုမရှိသေးသော ဒေသများသို့ ရောဂါကူးစက်ပျံနှံ့ခြင်းမရှိစေရန် အောက်ပါအချက်များကိုအလေးထားလိုက်နာဆောင်ရွက်သွားရန်အသိပေးနှိုးဆော်အပ်ပါသည်-

 

 (က)    ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

 

(ခ)       ဝက်ခြံများနှင့် ဝက်သားသတ်ရုံများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန် ပြုလုပ်ဆောင်ရွက်ရန်၊

 

(ဂ)       အိမ်မွေးဝက်များကို စားသောက်ဆိုင်များမှ ဝက်သားပါဝင်သောစားကြွင်း/ကျန် များကျွေးခြင်း မပြုလုပ်ရန်၊

 

(ဃ)     အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင် အထွက် ထိန်းချုပ်ရန်၊

 

(င)       အသက်အရွယ်တူဝက်များကိုသာ အတူတူ မွေးမြူရန်၊

 

(စ)       အပူချိန်၊ စိုထိုင်းဆ၊ လေဝင် လေထွက်ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

 

(ဆ)     ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူ သည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်း ရှင်းမှ မွေးမြူရန်၊

 

(ဇ)       ရောဂါဖြစ်ပွားနေသောနိုင်ငံမှ တရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ ဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊

 

(ဈ)      တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊

 

(ည)     ရောဂါဖြင့်သေဆုံးဝက်များကို မြစ်ချောင်းအင်းအိုင်များတွင် စွန့်ပစ်ခြင်းမပြုရန်၊

 

(ဋ)       နာမကျန်းဝက်များသေဆုံးပါက ရောင်းချခြင်းနှင့် ဝေငှစားသောက်ခြင်းမပြုလုပ်ရန်၊

 

(ဌ)       သေဆုံးဝက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း (မြစ်ချောင်းများထဲ မျှောခြင်း) မပြု လုပ်ဘဲ စနစ်တကျမြေမြှုပ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဆောင်ရွက်ရန်၊

 

(ဍ)       တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

 

(ဎ)       ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန