ပိုက်တင်

အာရှသည် နိုးထလာပြီဖြစ်၏။ ရုန်းကြွလာပြီဖြစ်၏။ ကြွယ်ဝချမ်းသာသော အနာဂတ်တစ်ခုဆီသို့ အရှိန်အဟုန်ပြင်းပြင်း ချီတက်နေပြီဖြစ်၏။ အာရှ၏ အနာဂတ်ကို မည်သူမျှ၊ မည်သို့မျှ၊ မည်သည့်နည်းနှင့်မျှ တားဆီး၍ မရနိုင်တော့။ ၂၀၅၀ သည် လွန်ခဲ့သော ရာစုနှစ် သုံးခု နှစ်ပေါင်းသုံးရာခန့်က ဖြစ်တည်ခဲ့သည့် ဂုဏ်ဒြပ်မျိုးဖြင့် လျှမ်းလျှမ်းတောက်ကြွယ်ဝမည့်အာရှ၏ ပန်းတိုင်နှစ် ဖြစ်တော့သည်။

၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် အာရှ၏ ဂျီဒီပီသည် အမေရိကန် ဒေါ်လာ ၁၇ ထရီလီယံ (၂၀၁၀ ပြည့်နှစ်) မှသည် ၁၇၄ ထရီလီယံသို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ထိုကိန်းဂဏန်းသည် ကမ္ဘာ့ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး အာရှတိုက်၏ လူဦးရေသည်လည်း ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းဖြစ်၏။ အာရှတိုက်၏ ထိပ်တန်းအဆင့်စီးပွားရေးကောင်းမွန်သော နိုင်ငံခုနစ်နိုင်ငံက “အာရှ ၂၀၅၀” မျှော်မှန်းချက်ကို ဦးဆောင် အကောင်အထည်ဖော်လိမ့်မည်ဖြစ်သည်။ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ဖြစ်၏။) ထိုနိုင်ငံအားလုံးတွင် စီးပွားရေးသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်၏။
ထိုခုနစ်နိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ (၂၀၁၀ ပြည့်နှစ်တွင်) ၃ ဒသမ ၁ ဘီလီယံဖြစ်ပြီး အာရှတိုက်တစ်ခုလုံးရှိ လူဦးရေစုစုပေါင်း၏ ၇၈ ရာခိုင်နှုန်းမျှ ရှိလေသည်။ ၂၀၅၀ မျှော်မှန်းချက်အရဆိုလျှင် အာရှကြွယ်ဝချမ်းသာခြင်းကို ဦးဆောင်အကောင်အထည်ဖော်ကြမည့် ၎င်းခုနစ်နိုင်ငံ၏ လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင်အာရှတိုက်လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းတို့၏ ဂျီဒီပီ စုစုပေါင်းကား အာရှဂျီဒီပီ၏ ၉၀ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်လေ၏။ (ကမ္ဘာ့ဂျီဒီပီ၏ ၄၅ ရာခိုင်နှုန်းမျှ လတ်တလောတွင် ရှိနေလေ၏။) ထို ခုနစ်နိုင်ငံ၏ (ပျမ်းမျှ) လူတစ်ဦးချင်းဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၄၅၈၀၀ ခန့် ရှိလာမည်ဖြစ်ပြီး တစ်ကမ္ဘာလုံး လူဦးရေ၏ ပျမ်းမျှတစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၃၇၃၀၀ နှင့် နှိုင်းယှဉ်ကြည့်လျှင် တိုးတက်လာမည့်နှုန်းထားကို ခန့်မှန်းသိရှိနိုင်သည်။ ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း အဆိုပါ ခုနစ်နိုင်ငံ၏ ဂျီဒီပီသည် ကမ္ဘာ့ဂျီဒီပီ၏ ၅၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ၎င်းတို့သည် အာရှသာမကဘဲ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ အဓိကမောင်းနှင် အားကြီးဖြစ်လာတော့မည် ဖြစ်သည်။

ကျွဲကူးရေပါ လိုက်ပါတိုးတက်ဖွံ့ဖြိုးလာနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တစ်ကမ္ဘာလုံးကို ဦးတည်ရည်မှန်းသော စီးပွားရေးမဟာဗျူဟာဖြစ်သည့် B&R အစီအစဉ်ကြီးကြောင့် နဂိုက တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်နေသော တရုတ်နိုင်ငံ၏ စီးပွားရေးကို ဆပွားတိုးတက်စေရုံမျှမကဘဲ ထိုစီးပွားရေး မဟာဗျူဟာအစီအစဉ်နှင့် ချိတ်ဆက်လုပ်ကိုင်မည့် နိုင်ငံများနှင့် ကမ္ဘာအနှံ့ဒေသများသည်လည်း ကျွဲကူးရေပါ လိုက်ပါတိုးတက်ဖွံ့ဖြိုးလာနိုင်ဖို့ရှိနေသည့် အခြေအနေ သည်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး၏ နောက်တိုးပါဝါများအဖြစ် ပေါ်ထွန်းလာရန် သေချာသလောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ စီးပွားရေးအင်အားများက နဂိုအရှိကောင်းနေသော အာရှစီးပွားရေးကို တွန်းတင်လိမ့်ဦးမည်ဖြစ်သော အခြေအနေသည်လည်းကောင်း အာရှ ၂၀၅၀ မျှော်မှန်းချက်ကို ကောင်းစွာအားဖြည့်ပေးခြင်းကြောင့် အာရှ၏ တောက်ပသော အနာဂတ်သည် ပိုမိုခိုင်မာမှုရှိလာရခြင်းလည်း ဖြစ်လေ၏။ ရှိရင်းစွဲ ပါဝါများဖြစ်သော တစ်ချိန်က ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီး ဖြစ်ခဲ့ဖူးသည့် ဂျပန်နိုင်ငံနှင့် အာရှကျားနိုင်ငံများ၏ နဂိုရှိရင်းစွဲ ဖွံ့ဖြိုးတိုးတက်နေမှုက အရှိန်အဟုန်မပျက်ရှိနေခြင်းသည်လည်း အာရှ ၂၀၅၀ ကို ကောင်းစွာပံ့ပိုးလျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

သို့ပေသောကြောင့် အာရှ ၂၀၅၀ ဟူသည့် အာရှတိုက်၏ အံ့မခန်း ကြွယ်ဝချမ်းသာရေးခရီးကို အတိမ်းအစောင်း အချွတ်အချော်မရှိ အရောက်လှမ်းနိုင်ရေးဆိုလျှင် အာရှတိုက်၏ ခေါင်းဆောင်များ အနေဖြင့် အထူးသတိပြုသင့်သည့် ကိစ္စရပ်လေးခု ရှိလေ၏။ ပထမတစ်ခုမှာ ၂၀၅၀ ပြည့်နှစ်အထိ နှစ်ရှည်ခရီးတွင် မလွဲမသွေကြုံတွေ့လာနိုင်သည့် အတက်အကျ၊ အနိမ့်အမြင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ နိုင်ပြီး ရေရှည်မျှော်မှန်းချက်အပေါ် အပြည့်အဝအာရုံစိုက်ထားနိုင်ရေး ဖြစ်သည်။ ပြောင်းလဲနေမည်ဖြစ်သော အခြေအနေများနှင့် လိုက်လျော ညီထွေဆောင်ရွက်နိုင်ရေးနှင့် ပြောင်းလဲနေမည့် အခွင့်အလမ်းများနှင့် လိုက်လျောညီထွေရှိသော မူဝါဒများချမှတ်လျက် အလိုက်သင့် အလျားသင့် ဆောင်ရွက်နိုင်ရေး ဖြစ်သည်။ 

ဒုတိယတစ်ခုမှာ အခြားတစ်ဖက်တွင်လည်း အာရှ ၂၀၅၀ မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး အာရှရာစု (Asian Century) အဖြစ် ၂၁ ရာစုကို လက်တွေ့သမိုင်းမှတ်တမ်း တင်နိုင်ရန်အတွက်ဆိုလျှင် ဒေသတွင်းရှိ ခေါင်းဆောင်များ၊ အကျိုးဆိုင် သူများအနေဖြင့် များစွာသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ကြရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီအတွက် လိုအပ်သော လုပ်ကိုင်ဆောင်ရွက်မှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များစသည်တို့ကို ဟန်ချက်ညီအောင် အကောင် အထည်ဖော်လုပ်ကိုင်နိုင်ကြရန်လည်း မဖြစ်မနေလိုအပ်သည်ဟု ပညာရှင်များက ထောက်ပြထားသည်လည်း ရှိလေ၏။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အာရှနိုင်ငံများအားလုံးတွင် မူဝါဒဆိုင်ရာ အားနည်းချက်များ၊ အင်စတီကျူးရှင်းများ၏ အရည်အသွေးပြည့်မီရေး လိုအပ်ချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေကြ ရသည်ဖြစ်၏။ သို့ဖြစ်သောကြောင့် တစ်နိုင်ငံချင်း၏ သီးခြားပြဿနာများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံတစ်ခုချင်းအကျိုးစီးပွား၊ ဒေသတွင်းအကျိုးစီးပွားနှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတို့၏ဟန်ချက်ကို ထိန်းသိမ်းဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ စသည်ဖြင့် ရှိနေလေ၏။

အာရှနိုင်ငံ တစ်ခုချင်းစီအနေဖြင့် အာရှကြွယ်ဝချမ်းသာရေးအတွက် အလေးထားဆောင်ရွက်ရန် အရေးကြီးသော လုပ်ငန်းဆောင်တာ များစွာရှိနေလေသည်။

အားလုံးပါဝင်သည့် အကျိုးစီးပွားကို ရည်မှန်းဖော်ဆောင်

ဆင်းရဲချမ်းသာကွာဟမှုကို လျှော့ချဖယ်ရှားရန် အားလုံးခံစားခွင့်ရှိသော ကြွယ်ဝချမ်းသာရေးကို ဖန်တီးနိုင်ရန်လိုအပ်လေ၏။ ဆင်းရဲနှင့် ချမ်းသာ၊ ကျေးလက်နှင့် မြို့ပြ၊ ပညာတတ်နှင့် စာမတတ်သူ အားလုံးကို အရေးထားရန်ဖြစ်သည်။ ကျား၊ မနှင့် လူမျိုး အသားအရောင်ကွဲပြားမှုကြောင့်လည်း ရရှိထိုက်သည့်အခွင့်အရေးများကို ဆုံးရှုံးမှုမရှိကြစေရေး ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ ထိုလုပ်ငန်းတာဝန်သည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတစ်ခုတည်းကိုသာ အာရုံမစိုက်ဘဲ တန်းတူညီမျှရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အင်အားနည်းသူများကို အကာအကွယ်ပေးရေး စသည့်ကိစ္စရပ်များကိုပါ  ဆောင်ရွက်နိုင်မှသာ ပြီးမြောက်အောင်မြင်နိုင်လိမ့်မည်ဖြစ်သည်။ ရေရှည်တည်တံ့မှု၊ တည်ငြိမ်အေးချမ်းမှုကို အာမခံချက်ပေးနိုင်ရန် အားလုံးပါဝင်သည့် အကျိုးစီးပွားကို ရည်မှန်းဖော်ဆောင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ 

နောက်ထပ်နှစ်ပေါင်း လေး၊ ငါးဆယ် အရှိန်အဟုန်မပျက် တိုးတက်ဖွံ့ဖြိုးနိုင်စေရေးအတွက်ဆိုလျှင် အာရှဒေသနိုင်ငံများအနေဖြင့် ခေတ်မီနည်းပညာများနှင့် စွန့်ဦးတီထွင်မှုကို အလေးပေးရန် လိုအပ်လေ၏။ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့မှ နည်းပညာနှင့် စွန့်ဦး တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ကမ္ဘာတစ်လွှားရှိ ခေတ်ရှေ့ပြေး အခြေအနေများကို အာရှနိုင်ငံများက လေ့လာပြီး ပုံတူကူးယူနိုင်မည့် အခြေအနေများကို ဖန်တီးပေးရန်လိုအပ်ပေ၏။ အလျင်အမြန်တိုးတက်နေသော စီးပွားရေး ထိပ်တန်းအဆင့်နိုင်ငံများ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်တို့အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ကြိုးစားသင့်ပြီး တီထွင်ဖန်တီးမှုကို အထူးအားပေးနိုင်သည့် အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံအသီးသီးက တည်ထောင်နိုင်ရန် ကြိုးစားသင့်ပေသည်။ 
၂၀၅၀ ပြည့်နှစ်တွင် အာရှ၏ မြို့ပြလူဦးရေမှာ လက်ရှိလူဦးရေ၏ နှစ်ဆခန့် ဖြစ်မည့် ၁ ဒသမ ၆ ဘီလီယံသို့ ရောက်ရှိတော့မည်ဖြစ်သကဲ့သို့ အာရှသည် အကြီးအကျယ်ပြောင်းလဲလာလိမ့်မည် ဖြစ်သည်။ လက်ရှိအာရှ ကုန်ထုတ်လုပ်မှု(စီးပွားရေး)၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်လုပ်ကိုင်ပေးနေသည့် အာရှမြို့ပြများမှာ ပညာရေး၊ တီထွင်ဖန်တီးမှု၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဗဟိုဌာန များ ဖြစ်လာတော့မည်ဖြစ်သည်။ သို့ပေသောကြောင့် အာရှမြို့ပြများ၏ စွမ်းဆောင်ရည် အရည်အသွေးမှာ ရေရှည်တွင် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်း၊ လူမှုရေး၊ နိုင်ငံရေးတည်ငြိမ်မှု စသည့်ကိစ္စရပ်များ အတွက် အဆုံးအဖြတ်ဖြစ်လာတော့မည်လည်း ဖြစ်သည်။ အာရှသည် ၂၀၅၀ ရည်မှန်းချက် ပိုမိုအောင်မြင်ပီပြင်စေရေးအတွက်ဆိုလျှင် ပိုမိုကောင်းမွန်သပ်ရပ်သော၊ စွမ်းအင်လုံလောက်မှုရှိသော၊ လုံခြုံ တည်ငြိမ်မှုရှိသော မြို့ပြများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး လက်ဦးမှု ရယူဆောင်ရွက်ရန် လိုအပ်သည်လည်း ဖြစ်ပေသည်။

ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး

ကမ္ဘာ့ဂျီဒီပီစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းအထိ ရှိလာတော့မည့် အာရှနိုင်ငံများအနေဖြင့် နောက်ထပ်ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ကဏ္ဍမှာ ဘဏ္ဍာရေး ဖြစ်၏။ ဂျီဒီပီ တိုးတက်လာသကဲ့သို့ ဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများ၊ စတော့ရှယ်ယာများ စသည့် စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို ပိုမိုပိုင်ဆိုင်နိုင်ရန်လည်း လိုအပ်ပေသည်။ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် အာရှ ခေါင်းဆောင်များအနေဖြင့် အာရှ ၁၉၉၇ အာရှဘဏ္ဍာရေး အကျပ် အတည်းနှင့် ၂၀၀၇-၂၀၀၉ စီးပွားရေး ဆုတ်ကပ်တို့ကို သုံးသပ်လျက် သင်ခန်းစာယူပြီး အမှားများကို ရှောင်ရှားနိုင်ရမည်ဖြစ်၏။ 

ထို့အပြင် အာရှဒေသတွင် နောက်ထပ်တိုးပွားလာမည့် ဘီလီယံနှင့်ချီသော လူဦးရေများနှင့် အကန့်အသတ်များစွာရှိနေပြီဖြစ်သော သဘာဝသယံဇာတများ သုံးစွဲမှုအကြား မျှခြေတစ်ခုကို ရှာဖွေရန် လည်း မဖြစ်မနေလိုအပ်လာပြီဖြစ်၏။ အာရှသည် စွမ်းအင်တင်သွင်းမှု ကိစ္စနှင့် စပ်လျဉ်းလျှင် မှီခိုအားထားရမှုအများဆုံး၊ ထိခိုက်မှုအများ ဆုံးဖြစ်မည်ဖြစ်သလို တာဝန်အများဆုံးလည်း ရှိလာမည် ဖြစ်သည်။ အနာဂတ်အာရှ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် သဘာဝစွမ်းအင်အစားထိုး သုံးစွဲနိုင်ရေး မည်မျှအကောင်အထည်ဖော်နိုင်သလဲဟူသည့် စွမ်းရည် အပေါ် များစွာတည်မှီလိမ့်မည်ဖြစ်ကြောင်း အာရှခေါင်းဆောင်တို့ အာရုံစိုက်သင့်ပေသည်။  သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုက ကမ္ဘာပေါ်ရှိ လူသားတစ်ဦးချင်းစီတိုင်းကို ရိုက်ခတ်သည်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အာရှသည် အခြားသော ဒေသများထက် ပိုမိုအန္တရာယ်ရှိနေလေ၏။ သဘာဝအရင်းအမြစ်များ အပေါ် မှီခိုအားထားမှုကို အမြန်ဆုံးလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုလျက် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်နိုင်မှသာ အနာဂတ်သည် အပြည့်အဝအာမခံချက် ရှိပေလိမ့်မည်။

အုပ်ချုပ်ရေးစနစ်နှင့် အင်စတီကျူးရှင်းများ၏ အရည်အသွေးမြှင့်တင်ရေးကို အာရှနိုင်ငံတိုင်းက အလေးထားဆောင်ရွက်နိုင်ရန်လည်း အထူးလိုအပ်နေလေ၏။ တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်သော စီးပွားရေးကို ထောက်ပံ့ပေးနိုင်ရန် အုပ်ချုပ်ရေးနှင့် အင်စတီကျူးရှင်းများကို အရည်အသွေးမြှင့်တင်သင့်သည်။ အာရှ၏ ဦးဆောင်နိုင်ငံများအနေဖြင့်လည်း ကမ္ဘာ့အဆင့် ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ခြင်း၊ စီးပွားရေးဆိုင်ရာ အင်စတီကျူးရှင်းများ၏ အရည်အသွေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက် ခြင်းဖြင့် ရှေ့ဆောင်လမ်းပြပြုကာ အာရှကို ပိုမိုထိရောက်စွာ ဦးဆောင် နိုင်မည်ဆိုပါက အာရှ ၂၀၅၀ မျှော်မှန်းချက်သည် ထူးခြားစွာ ခရီးပေါက် ဖြစ်ထွန်းပေလိမ့်မည်။ စီးပွားရေးကဏ္ဍအတွက် အခြေအနေကောင်း များကို စနစ်တကျဖန်တီးနိုင်ရေးသည် အနာဂတ်အတွက် သော့ချက်တည်း။

အာရှဒေသနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသည်လည်း မဟာဗျူဟာမြောက် အရေးပါသော အကြောင်းကိစ္စ ဖြစ်လေ၏။ အာရှနိုင်ငံများအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် အာရှနိုင်ငံများနှင့် အခြားဒေသများရှိ နိုင်ငံများအကြား အရေးပါသည့် ပေါင်းကူးဆက်ဆံရေးကို  ပိုမိုကောင်းမွန်ခိုင်မာစေမည်ဖြစ်၏။ ဒေသတွင်း ကုန်သွယ်စီးပွားလုပ်ငန်းများကို ချိန်ခွင်လျှာ ညီမျှစေမည် ဖြစ်ရုံသာမက အိမ်နီးချင်းနိုင်ငံများအကြား စျေးကွက်များသည် များစွာပွင့်လင်း တိုးတက်ဖြစ်ထွန်းစေလိမ့်မည်ဖြစ်၏။ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုသည် မျှတစွာဖြစ်ပေါ်လာမည်ဖြစ်သောကြောင့် ဒေသတွင်း ဆင်းရဲချမ်းသာ ကွာဟမှု၊ ဝင်ငွေမညီမျှမှု စသည့် တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေး၏ အဟန့်အတားများကို ကြုံတွေ့လာနိုင်ဖွယ် ရှိသည်။ အာရှဒေသ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကြွယ်ဝချမ်းသာရေးကို အာမခံကြေးပေးနိုင်လိမ့်မည် ဖြစ်သည်။ အာရှနိုင်ငံများအကြား ထိုကဲ့သို့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်စေရန်အတွက်ဆိုလျှင် အင်အားကောင်းသော (စွမ်းရည် ပြည့်သော) နိုင်ငံရေးခေါင်းဆောင်မှု လိုအပ်ပေ၏။ အာရှနိုင်ငံများ အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ရေး၊ အင်အားချိန်ခွင်လျှာညီမျှရေး အတွက် စုပေါင်းခေါင်းဆောင်မှုစနစ် လိုအပ်သည်။ အာရှ၏ အဓိက အင်အားကြီးနိုင်ငံများဖြစ်လာမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့က ဦးစီးဦးဆောင်ပြုလျက် ကြိုးပမ်းဆောင်ရွက်နိုင်သည်။
အာရှ၏ အလားအလာသည် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအတွက် စိန်ခေါ်မှုများ၊ တာဝန်များ တိုးပွားများပြားလာရန်ရှိလေ၏။ အာရှ သည် ကမ္ဘာနှင့် ပိုမိုအသားတကျရှိရန်လည်း လိုအပ်လာမည်ဖြစ်၏။ အာရှယဉ်ကျေးမှု စရိုက်လက္ခဏာအတိုင်း ရှေးရိုးစဉ်လာပုံစံနေထိုင် ပြုမှုခြင်းကို ပြုပြင်ပြောင်းလဲပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြုလျက် တက်ကြွစွာပါဝင်နိုင်ရေး ပြင်ဆင်ရမည့် အချိန်လည်းဖြစ်သည်။ အာရှသည်ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ ဗဟို ချက်မဖြစ်လာတော့မည် ဖြစ်သည့်အလျောက် အာရှရာစုသည် အာရှအကျိုးစီးပွားအတွက် သက်သက်မျှသာမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံး ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပိုမိုတာဝန်ယူရလိမ့်မည်ဖြစ်၏။

အာရှ ၂၀၅၀ မျှော်မှန်းချက်နှင့်ပတ်သက်ပြီး အာရှနိုင်ငံများ၊ အာရှ ခေါင်းဆောင်များ၏ လုပ်ရည်ကိုင်ရည်၊ အမြော်အမြင်၊ ပူးပေါင်း ဆောင်ရွက်မှုစသည်တို့တွင် အားနည်းချက်များရှိနေခဲ့လျှင် အာရှ ၂၀၅၀ ပန်းတိုင်သည် မရေမရာဖြစ်နိုင်ခြေရှိနေကြောင်း သတိပြုရန်လည်း ဖြစ်သည်။ (၂၀၅၀ ပြည့်နှစ် အာရှဂျီဒီပီမျှော်မှန်းချက် ဒေါ်လာ ၁၇၄ ထရီလီယံအိပ်မက်သည် လက်တွေ့တွင် ၆၅ ထရီလီယံမျှဖြင့် အဆုံးသတ် သွားနိုင်လေ၏။ တစ်ဦးချင်းကုန်ထုတ်စွမ်းအားမျှော်မှန်းချက် ဒေါ်လာ ၄၀၈၀၀ အိပ်မက်သည် လက်တွေ့တွင် ၂၀၆၀၀ မျှသာ ဖြစ်လာနိုင လိမ့်မည်။)

ထို့ကြောင့် အာရှခေါင်းဆောင်များအနေဖြင့် အာရှ ၂၀၅၀ မျှော်မှန်းချက် လက်တွေ့ကျကျအောင်မြင်ဖြစ်တည်လာပြီး ကြွယ်ဝချမ်းသာသော အာရှရာစုကို ဖန်တီးနိုင်ရေးအတွက်ဆိုလျှင် သတိပြုဆောင်ရွက်ရန် ကိစ္စရပ်လေးခု ရှိနေလေ၏။ ပထမတစ်ခုမှာ ရှေ့ခရီးတစ်လျှောက် မလွဲမသွေကြုံတွေ့လာရနိုင်သည့် နိုင်ငံရေးဆိုင်ရာ အတက်အကျ၊ အနိမ့်အမြင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်ပြီး ရေရှည် ခိုင်မာတောင့်တင်း သည့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ထားနိုင်ရန် ဖြစ်သည်။ ပြောင်းလဲ နေမည့် အခြေအနေအမျိုးမျိုးနှင့် အခွင့်အလမ်းအမျိုးမျိုးတို့ကို လိုက်လျောညီထွေ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာနှင့် မူဝါဒများ ပြုပြင်ပြင်ဆင်ချမှတ်ဆောင်ရွက်နိုင်ရေး ဖြစ်သည်။ ဒုတိယတစ်ခုမှာ စံပြဖြစ်သော အရှေ့အာရှ၏ အောင်မြင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကျန်အာရှနိုင်ငံများက လက်တွေ့ကျကျ ပုံတူကူး ဆောင်ရွက်နိုင်ကြရေးဖြစ်သည်။ တတိယတစ်ခုမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် သော့ချက်ဖြစ်သော အာရှ၏အဓိက စီးပွားရေးဦးဆောင်နိုင်ငံများအကြား ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရေး ဖြစ်သည်။ စတုတ္ထတစ်ခုမှာ အာရှခေါင်းဆောင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ကို ပိုမိုမြှင့်တင်ရင်း အုပ်ချုပ်မှုစနစ်များနှင့် အင်စတီကျူးရှင်းများကို အရည်အသွေးပြည့်သည်ထက်ပြည့်မီပြီး ပိုမိုခေတ်မီပြည့်စုံစေရေး အလေးထားဆောင်ရွက်ကြရန် ဖြစ်သည်။ 

ထိုသို့ လုပ်ဆောင်ရန်ရှိသောကိစ္စရပ်များကို ဆယ်စုနှစ်များ တစ်လျှောက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေကြရန် လိုအပ်ပြီး ရလဒ်များကို ၂၀၅၀ ပြည့်နှစ်မတိုင်မီ ပေါ်ထွန်းရေး ဦးတည် ကြရန်ဖြစ်သည်။ သို့ဆိုလျှင် အာရှသည် တစ်စတစ်စ မှန်မှန်ကြီး ဖွံ့ဖြိုးတိုးတက်ကြွယ်ဝချမ်းသာလာမည်မှာ မုချဖြစ်ပြီး အာရှ ၂၀၅၀ မျှော်မှန်းချက်သည် ပြည့်ပြည့်ဝဝ အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း သုံးသပ်အကြံပြုတင်ပြလိုရင်း ဖြစ်ပေသည်။    ။

မှီငြမ်း: https://www.adb.org/publications/asia-2050-realizing-asian-century