၄ ဖေဖော်ဝါရီ


မြန်နိုင်ငံကနေ ပထမဆုံးအဖြစ် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ အင်ဒိုးနီရှား၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဂျပန်၊ ဗီယပ်နမ်၊ လာအို၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်၊  ကမ္ဘောဒီယား၊ စင်ကာပူနိုင်ငံနှင့် ထိုင်ဝမ်အထိ သွားရောက်ပြသမည့်၊ လိပ်ပြာစံအိမ် 'THE ONLY MOM' ရုပ်ရှင်ကားမှ ဝတ်မှုံရွှေရည်က သရုပ်ဆောင်ပိုင်းနှင့် ပတ်သက်ပြီး '' အတွေ့အကြုံတွေကတော့  အများကြီးရတယ်။ ကစ်တို့ အဲဒီကား ရိုက်နေတုန်းကဆိုရင် နားနေတဲ့အချိန်ဆို အိမ်အပေါ်ထပ်ကို ဘယ်သူမှမတက်ရဲဘူး။ မင်းသားမင်းသမီးတွေ၊ ကလေးသရုပ်ဆောင်တွေနားနေဖို့ ဆိုပြီး အခန်းတစ်ခန်း ပေးထားတာ ရှိတယ်။  ကားရိုက်နားချိန်ဆို ကစ်တို့အားလုံး အဲဒီအခန်းထဲမှာပဲ ပြုံပြီးနေကြတယ်။ ဘယ်မှ မသွားကြဘူး။ တခြားအခန်းကိုလည်း မသွားဘူး။ အိမ်သာသွားရင်လည်း လေးငါးယောက်လောက်စုပြီးမှ အကုန်ပြုံပြီး သွားကြတယ်။ တကယ့်ကို အမှတ်တရပါ။ ရိုက်နေရင်းနဲ့ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေလည်း ဒီကားရိုက်ရင်းနဲ့ ကြုံရတာဆိုတော့ အမှတ်တရတွေအများကြီးဖြစ် သွားတာပေါ့။ အဲဒီအိမ်ကြီးရဲ့ သက်တမ်းကိုက နှစ်ပေါင်းတစ်ရာ ကျော်နေပြီဆိုတော့ အဲဒီအငွေ့အသက်တွေကိုက စိတ်လှုပ်ရှားစရာကောင်းတာ၊ ပြီးတော့ ပရလောကနဲ့ သတ္တလောကအကြား မိဘနဲ့  သားသမီးမေတ္တာတရားကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ horror အမျိုးအစားဇာတ်ကားဖြစ်လို့ ကိုယ်တိုင်ပြန်ကြည့်ချိန်မှာတောင် ကြောက်စရာအရမ်းကောင်းပြီး ပရိ သတ်တွေကြည့်ရင်လည်းကျေနပ်အားရမှုရှိမယ်ဆိုတာ ယုံကြည်တယ်။


" ဒီကားက horror အမျိုးအစားဆိုတော့ ပရိသတ်တွေကြည့်ရင် ကြောက်ပါ့မလားလို့ စိတ်ပူမိတယ်။ အခုကစ်တို့ ဧည့်သည်တွေနဲ့ အတူတူ ကြည့်ကြတဲ့အခါ လာကြည့်တဲ့သူတွေက ကြောက်ကြတယ်ဆိုတော့ ကစ် စိတ်မပူတော့ဘူး။ မကြောက်မှာကို မစိုးရိမ်တော့ပါဘူး။ ကစ်တကယ် ဝါသနာပါပြီး တကယ်လုပ်ရမယ့် အလုပ်တစ်ခုကို မကျေနပ်မချင်း အကောင်းဆုံးလုပ်ခဲ့ရတယ်။ အဲဒီအတွက် ကျေနပ်ပါတယ်။ အဓိက ကစ်ကတော့ ဒီဇာတ်ကားထဲက မေနှင်းဆိုတဲ့ဇာတ်ကောင်ရဲ့စေခိုင်းတာကိုပဲ သွားတာပေါ့နော်။ ပြီးတော့ ဒါရိုက်တာက ဘယ်လိုတွေ လိုချင်လဲ ဆိုတာကို ဒါရိုက်တာ ဖြစ်စေချင်တဲ့အတိုင်း၊ ဖြစ်စေချင်တဲ့ကာရိုက်တာ ဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်။ ဆိုတော့ ဒီကားကိုကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကစ် ကျေနပ်တာထက် ရုပ်ရှင်ကြည့် ပရိသတ်တွေ ကျေနပ်ဖို့ကပိုပြီးအရေး ကြီးပါတယ်။ ပြီးတော့ ပရိသတ်တွေဆီကပြန်လာမယ့် feedback ကိုလည်း ကစ်ပြန်နားထောင်ပြီး ရင်ခုန်ချင်ပါတယ်'' ပြောဆိုသည်။


ကိုလင်း