နေပြည်တော် ၂၄ စက်တင်ဘာ 


အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia- Pacific Group on Money Laundering – APG) အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှု တိုးမြှင့်ဆောင်ရွက်ရန်နှင့် အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်မှုကြီးကြပ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်၏ ပူးပေါင်းအဖွဲ့ (Joint Group – JG) မျက်နှာချင်းဆိုင်အစည်းအဝေးမှ တွေ့ရှိချက်များနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ရေးဆွဲနေမှု အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ အမျိုးသားအဆင့်မဟာဗျူဟာအား သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် မဟာဗျူဟာ အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အမျိုးသားအဆင့်မဟာဗျူဟာ နယ်ပယ်အလိုက် အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်