နေပြည်တော်၊ ဇွန် ၂၉
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် “အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့် အဖွဲ့အစည်း၏ (၁၀) ကြိမ်မြောက် ဂီတပွဲတော် ” (10th ABU TV SONG FESTIVAL) ဖျော်ဖြေမှုကို ဇူလိုင် ၁ ရက် ၊ သောကြာနေ့ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်အဖွဲ့အစည်း (ABU) တွင် မြန်မာနိုင်ငံ၏ MRTV သည် တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ABU TV Song Festival ကို နှစ်စဉ်ကျင်းပလေ့ရှိရာ အဖွဲ့ဝင်နိုင်ငံများရှိ ရုပ်သံဌာနများမှ နာမည်ကြီးတေးသံရှင်များနှင့် တေးဂီတအဖွဲ့များ ပါဝင်ဆင်နွှဲကြကြောင်း၊ 10th ABU TV SONG FESTIVAL ဂီတပွဲတော်တွင် အဖွဲ့ဝင်နိုင်ငံများမှ ရိုက်ကူးပေးပို့မှုများအနက်မှ အိန္ဒိယ၊ တူကီရဲ၊ တရုတ်(မကာအို)၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှားနှင့် ကာဇက်စတန်နိုင်ငံတို့မှ တေးသီချင်း ၁၀ ပုဒ်ကို ရွေးချယ်ထားရှိရာ အဆိုပါနိုင်ငံတကာတေးသီချင်း ဖျော်ဖြေတင်ဆက်မှုများကို ပရိသတ်များ ကြည့်ရှု ခံစားနိုင်ရန်အတွက် စီစဉ်ထုတ်လွှင့်ခြင်းဖြစ်ကြောင်း၊ ယင်းတင်ဆက်မှုကို ဇူလိုင် ၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)