အာရှ-ဥရောပဖောင်ဒေးရှင်း  ပညာရေးအစီအစဉ်များတွင် မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျှောက်ထားနိုင်

နေပြည်တော် ၂၁ နိုဝင်ဘာ

အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF)၏ ပညာရေးအစီအစဉ်များတွင် မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျှောက်ထားနိုင်ကြောင်း အာရှ-ဥရောပဖောင်ဒေးရှင်း၊ ပညာရေးဌာနမှသိရပြီး အဆိုပါအစီအစဉ်များအတွက် မြန်မာနိုင်ငံမှ ကိုယ်စားပြု တစ်ဦးစီ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ အာရှ-ဥရောပဖောင်ဒေးရှင်း ပညာရေး အစီအစဉ်တွေမှာ ပါဝင်လျှောက်ထားလို့ရပါတယ်။ မိတ်ဖက်နိုင်ငံ ၅၁ နိုင်ငံကနေ ကိုယ်စားပြု တစ်ဦးစီရွေးချယ်လျက်ရှိပါတယ်။ နေထိုင်သွားလာ စားသောက်ရေး အတွက် စီစဉ်ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေလည်း ကိုယ်စားပြုတစ်ဦးကို ရွေးချယ်သွားမှာဖြစ်တဲ့အတွက် လျှောက်ထားနိုင်ပါတယ်။ ဖောင်ဒေးရှင်းရဲ့ Facebook Page ဖြစ်တဲ့ ASEFEdu မှာ လျှောက်ထားနိုင်တဲ့ အစီအစဉ်တွေကို ဖော်ပြပေးလျက်ရှိပါတယ်"

"အာရှ-ဥရောပဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံက ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လူငယ်အစီအစဉ်တစ်ခုအဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ 8th Model ASEM အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို အခြေခံပြီး အေဆမ်မိတ်ဖက်နိုင်ငံတွေရဲ့ ကိုယ်စားပြု လူငယ်ကျောင်းသားတွေ အေဆမ်လုပ်ငန်းစဉ်မှာ တစ်နည်းအားဖြင့် ပါဝင်စေခြင်းလည်း ဖြစ်ပါတယ်"ဟု အာရှ-ဥရောပ ဖောင်ဒေးရှင်း၊ ပညာရေးဌာနမှ Ms.Nathalie Sajda က ပြောကြားသည်။

အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခုအဖြစ် အေဆမ်အဖွဲ့ဝင် ၅၁ နိုင်ငံမှ ကိုယ်စားပြုလူငယ် ၁၅၀ ကျော်ပါဝင်သည့် 8th Model ASEM ကို ပြီးခဲ့သည့်အပတ်အတွင်းကျင်းပခဲ့ပြီး အဆိုပါလူငယ်များ၏ သဘောထား အမြင်များကို ကိုယ်စားပြုလူငယ်နှစ်ဦးက အေဆမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင်လည်း တင်ပြဆွေးနွေးခဲ့သည်။

ရှင်မင်း