မန္တလေး ၂၇ ဖေဖော်ဝါရီ

 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (ခ) ပထမနေ့ကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင်ကျင်းပရာ အိမ်ရှင်မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့သည်။


    
မြန်မာအသင်းနှင့် တရုတ်အသင်းပွဲတွင် တရုတ်အသင်းက ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သော်လည်း အာရှအင်အားကြီး တရုတ်အသင်းနှင့် ခြေစွမ်းပိုင်း ကွာဟမှုကြောင့် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ မြန်မာအသင်းသည် ယခုပွဲတွင် ဂိုးပြတ်အရေးနိမ့်ခဲ့သောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ဒုတိယပွဲဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့်ပွဲမှာ အရေးပါလာပြီး မဖြစ်မနေအနိုင်ရရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ဒဏ်ရာရနေသည့် မေသွေးကိုမှလွဲ၍ မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆောင်းနှင်းဖွေး၊ ခင်မြတ်မိုး၊ ကေကေ၊ ဆုပြည့်ပြည့်ကျော် စသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် တရုတ်အသင်းကို ပွဲစကတည်းက အပြန်အလှန် ကစားနိုင်ရန်ကြိုးပမ်းရာ တရုတ်အသင်း စိတ်ကြိုက်တွေ့သွားပြီး ဟာကွက်များသွားသည့် ခံစစ်ကိုအသုံးချကာ ပထမပိုင်းမှာတင် လေးဂိုးသွင်းယူခဲ့သည်။ 

 


တရုတ်အသင်းသည် အမြင့်ဘော ဖျက်ထုတ်မှုအားနည်းသည့် မြန်မာနောက်တန်းကို ထောင့်ကန်ဘောမှ သုံးဂိုးအထိ သွင်းယူခဲ့သည်။ ၁၀ မိနစ်တွင် တရုတ်အသင်း ဂိုးစရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ရှီကျိုးမင်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မြန်မာအသင်းကစားပုံ ပြိုဆင်းသွားပြီး တောင်ပံကစားသမား ကျန်ချင်ကျင်းက ၁၇၊ ၂၀၊ ၂၃ မိနစ်တွင် ဂိုးများဆက်တိုက် သွင်းယူခဲ့သည်။ 

 


ဒုတိယပိုင်းတွင် မြန်မာအသင်းသည် လိုအပ်ချက်များခဲ့သည့် ခံစစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်နိုင်ခဲ့ပြီး တရုတ်တိုက်စစ်ကို စနစ်တကျ ဖျက်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုတိယပိုင်းတွင် တစ်ဂိုးသာ ထပ်ပေးခဲ့ရပြီး ၆၁ မိနစ်တွင် ရှီယိုက ပဉ္စမဂိုးသွင်းယူခဲ့သည်။ မိနစ် ၈၀ တွင် မြတ်နိုးခင် အဝေးမှ ကန်သွင်းသည့်ဘောလုံးမှာ ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ 

 


ညနေ ၃ နာရီက ယှဉ်ပြိုင်ကစားသည့် ပထမပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းက ဖိလစ်ပိုင်အသင်းကို ၁၀ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အသင်းသည် ပြိုင်ဘက်အသင်းထက် ခြေစွမ်းပိုင် သိသိသာသာ သာလွန်ခဲ့ပြီး ပထမပိုင်းတွင် ခြောက်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူကာ ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အသင်းအတွက် ဂိုးများကို ခါထွန်က လေးဂိုး၊ မိုဂီနီက နှစ်ဂိုး၊ ရှာဆူနာဟာ (နံပါတ်-၁၁) နှင့် ရှာဆူနာဟာ (နံပါတ်-၃)နှင့် မန်ဒါက တစ်ဂိုးစီသွင်းယူပြီး ကျန်တစ်ဂိုးမှာမူ ဖိလစ်ပိုင်အသင်းမှ ဗီလာဆင် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။

 

အုပ်စုဒုတိယနေ့ကို မတ် ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်