ရန်ကုန် ၂၂ စက်တင်ဘာ

                         

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီး တောင်ကိုရီးယားအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
                         

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် တရုတ်တိုင်ပေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်မရှိသော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းသည် ခြေအသာဖြင့်ကစားသော်လည်း တိုက်စစ်ကစားပုံ အားနည်းသောကြောင့် ဂိုးမရဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
                             

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ပွဲစကတည်းက တရုတ်တိုင်ပေအသင်းကို ဖိကစားနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဖိကစားနိုင်သော်လည်း ထိရောက်သည့်ဂိုးသွင်းခွင့် ဖန်တီးနိုင်ခြင်းမရှိဘဲ တိုက်စစ်ဆင်မှုများမှာ အရာမထင်ဖြစ်ခဲ့သောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ဒုတိယပိုင်းတွင် တရုတ်တိုင်ပေအသင်းက တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန် ကြိုးပမ်းလာပြီး ၄၈ မိနစ်တွင် ဟောင်ယန်ချူက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ချေပဂိုးရ၇န် ကြိုးပမ်းသော်လည်း တိုက်စစ်ကစားပုံ အားနည်းသောကြောင့် ဂိုးသွင်းခွင့်မရသလို ရရှိသည့်အခွင့်အရေးကို အသုံးမချနိုင်သောကြောင့်  ချေပဂိုးနှင့် လွဲချော်ခဲ့သည်။ တရုတ်တိုင်ပေအသင်းအတွက် အနိုင်ဂိုးကို ၈၅ မိနစ်တွင် လူဇီအန်က သွင်းယူခဲ့သည်။
                       

အခြားပွဲတွင် တောင်ကိုရီးယားအသင်းက ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (K) ပွဲစဉ်များအပြီးတွင် တောင်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ခြောက်မှတ်ရသည့် ထိုင်းအသင်းသည် အကောင်းဆုံးအုပ်စုဒုတိယနေရာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန် အခြားအသင်းများ၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သုံးမှတ်ရသည့် တရုတ်တိုင်ပေနှင့် သုံးပွဲစလုံးရှုံးသည့် မြန်မာအသင်းမှာ ခြေစစ်ပွဲမအောင်ခဲ့ပေ။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်